အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

လွှတ်တော်သက်တမ်းသည် ယခုဆိုလျှင် သုံးနှစ်တာကာလ ပြည့်မြောက်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအကျိုးအတွက် ဥပဒေပြုကဏ္ဍမှ ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြဋ္ဌာန်းပေးခြင်းများ ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူလူထု၏ လိုလားချက်၊ ဆန္ဒနှင့်မျှော်လင့်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ သည့်အတွက် ပြည်သူကိုကိုယ်စားပြု ဆောင်ရွက်ပေးပါသော လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

ပြည်သူ့အုပ်ချုပ်ရေးဖြစ်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းသည့် ခရီး လမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲ ဥပဒေပြုသူများပီပီ အစွဲကင်းစွာ လက်တွေ့ဘဝတွင် ပြည်သူများဥပဒေ၏ အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာ နေနိုင်ရန်၊ ပြည်သူများဥပဒေ၏အကာအကွယ်ကို တန်းတူရရှိစေနိုင်ရန် ခေတ်စနစ်နှင့်အညီ ကိုက်ညီသည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန် အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းထမ်းဆောင်သွားကြရမည် ဖြစ်ပါကြောင်း။

ရှေ့ဆက်၍လည်း ပြည်သူလူထုကိုယ်စားပြု လွှတ်တော်များ၏ လွှတ်တော်ကိုယ်စားလှယ် များသည် လွှတ်တော်အလိုက်ဖြစ်စေ၊ ကော်မတီအလိုက်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦးချင်းစီဖြစ်စေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရင်း ပြည်သူကိုဗဟိုပြုသည့် ဒီမိုကရေစီစနစ် ပိုမိုထွန်းကားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ထို့အတူ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေပြုရေးကဏ္ဍတွင် အားကိုးအားထားပြုစရာ လွှတ်တော်မှတစ်ပါး အခြားမရှိပြီဟု ဆိုရလောက်အောင် မိမိတို့လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။

ပြည်ထောင်စုကြီးတစ်ဝန်းလုံး တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဒေသအသီသီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပြည်သားများ၏ ဆန္ဒများ၊ လိုအပ်ချက်များကို အစဉ်နားစွင့်ရင်း၊ သိနိုင်အောင် အမြဲကြိုးစားရင်း မိမိတို့၏ လွှတ်တော်ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့်အတိုင်း မိမိတို့ဖြတ်သန်းလာခဲ့သည့် လွှတ်တော်သက်တမ်း သုံးနှစ်တာ ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံကောင်းများဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်ကြရန် ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။


Related Posts: