ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

ယနေ့သည် ဒုတိယအကြိမ် လွှတ်တော်များ၏ သုံးနှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ဖြစ်သကဲ့သို့ မိမိတို့လွှတ်တော်များ၏ သက်တမ်းသည်လည်း ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန်အတွက် မိမိတို့သည် အတူတကွလက်တွဲပြီး ဆက်လက်ကြိုးပမ်းနေကြရဦးမည် ဖြစ်ပါကြောင်း၊ လျှောက်လှမ်းနေဆဲ ဒီမိုကရေစီခရီးအတွက် ခိုင်မာသည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် လိုအပ်ချက်များ၊ အားနည်းချက်များကိုပြုပြင်ပြီး ယခုထက် ပိုမိုကြိုးစားကြရမည် ဖြစ်ပါကြောင်း။

လွှတ်တော်များ၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန် ပြည့်စုံခိုင်မာသည့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစနစ်များ၊ လူသား အရင်းအမြစ်များ စွမ်းရည်ပြည့်ဝမှုနှင့် အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပကတိ အခြေအနေနှင့် ကိုက်ညီအောင် အမြဲတစေ သုံးသပ်ဆင်ခြင်ကြရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်ကြမှသာ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်ညီညွှတ်ပြီး ခိုင်မာအားကောင်းသည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။

လက်ရှိအချိန်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မျှော်လင့်ချက်ဖြစ်သော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး၏စုပေါင်းအားနှင့် ကြိုးစားဖော်ဆောင်နေကြသည့်ကာလ ဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့ဥပဒေပြုရေးမဏ္ဍိုင်၏ အခန်းကဏ္ဍသည် မည်သည့်နေရာတွင် ရှိသည်၊ မည်မျှအရေးပါသည်ဆိုသည်ကို တာဝန်ရှိသူများအားလုံး သိရှိကြပြီး ဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များသည် ဒီမိုကရေစီအခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ လွှတ်တော်များ ခိုင်မာ အားကောင်းလာသည်နှင့်အမျှ ပြည်သူကိုဗဟိုပြုမှုနှင့် အခြားသောမဏ္ဍိုင်များနှင့် အပြန်အလှန် ထိန်းကျောင်းမှုများလည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသုံးနှစ် ရှိလာပြီဖြစ်သည့်အတွက် မိမိတို့၏ လွှတ်တော် များအနေဖြင့် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လွှတ်တော်ကော်မတီများ၏ လုပ်ငန်းစွမ်းဆောင်ရည်သည် လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတော်တွင် ဥပဒေပြုရေးမဏ္ဍိုင်သည် မရှိမဖြစ်လိုအပ်ပြီး ခိုင်မာအားကောင်းလာစေရေးသည် အရေးကြီးသည်ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ထင်ထင်ရှားရှား သိမြင်ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်အောင် မြင်စေရန်၊ အပြည့်အဝထမ်းဆောင်နိုင်ရန် ကြုံတွေ့ရသည့် အခက်အခဲ၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ် ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။

သို့မှသာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ပိုမိုကောင်းမွန်သည့် တာဝန်ကျေပွန်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို ထင်ထင်ရှားရှား ပြသနိုင်သည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျန်ရှိသည့် သက်တမ်းကာလတွင် လွှတ်တော် များ၏ အဓိကတာဝန်ဖြစ်သည့် ပြည်သူကိုကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစေလိုပါကြောင်း၊ သို့မှသာပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ၏ အခြေခံ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ကြမည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် လွှတ်တော်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဥပဒေများပြဋ္ဌာန်းပေးပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များနှင့် ဟန်ချက် ညီညီ အပြန်အလှန်ထိန်းကျောင်းကြရင်း ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်း သွားကြရမည် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်နေကြရသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး စွမ်းဆောင်ရည်နှင့် တာဝန်ကျေပွန်မှုတို့ကို ပြသကာပြည်သူ့အကျိုးကို လက်တွေ့ ကျကျ ဖော်ဆောင်ပေးနိုင်ကြရန် ဆန္ဒပြု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။


Related Posts: