နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

ဒီကနေ့ ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ ကျွန်မတို့ရဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့်အတူ ရှိ နေနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ “ ဒီမိုကရေစီအစ လွှတ်တော်က” လို့ ကျွန်မ မကြာခဏပြောပါတယ်။ ဒီနေ့မှာလည်း “လွှတ်တော်အစ ပြည်သူက”လို့ ကျွန်မ ပြောချင်ပါတယ်။ လွှတ်တော်ဆိုတာ ပြည်သူကြောင့် ပေါ်လာတာပါ၊ ဒီမိုကရေစီစနစ်ကြောင့် ပေါ်လာတာပါ။ ဒါကြောင့် ဒီနေ့မှာ ကျွန်မပြောချင်တာက ကျွန်မတို့ရဲ့လွှတ်တော်ဟာ ဥပဒေပြုမဏ္ဍိုင်တစ်ခုအနေနဲ့သာ မြင်လို့ မလုံလောက်ပါဘူး။ လွှတ်တော်ဟာ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီထွန်းကားဖို့အတွက် ပြုစု ပျိုးထောင်ပေးတဲ့ ပျိုးခင်းတစ်ခုလို မြင်စေချင်ပါတယ်။

ဒီမိုကရေစီလွှတ်တော်တစ်ခု ပေါ်ပေါက်ဖို့ဆိုတာဟာ ပြည်သူလူထုရဲ့ပါဝင်ပတ်သက်မှုဟာ အဓိကကျပါတယ်။ အစကတည်းက ကျွန်မတို့ပြောကြတဲ့ ပါတီစုံ ဒီမိုကရေစီဆိုတာဟာ တကယ်တော့ ပြောဖို့တောင်မလိုပါဘူး။ တစ်ပါတီစနစ်ဆိုရင် ဒီမိုကရေစီ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ နှစ်ပါတီရှိရမယ်။ အဓိကပြောချင်တာက ပြည်သူလူထုမှာ ရွေးချယ်နိုင်တဲ့ အခွင့်အရေးကိုပေးဖို့ဟာ ဒီမိုကရေစီရဲ့ အခြေခံအတွေးအခေါ်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ရွေးချယ်မှုပေးဖို့ လုပ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေရဲ့ကဏ္ဍ၊ ပြည်သူလူထုရဲ့ကဏ္ဍ တွေပါလာတယ်။ ကျွန်မတို့ လွှတ်တော် မစခင်ကတည်းက နိုင်ငံရေးပါတီများဟာ ပြည်သူလူထု အကြားမှာ လှုပ်ရှားဖို့ ကြိုးစားတဲ့အခါမှာ ဒီမိုကရေစီအကြောင်းကို သင်ယူရတယ်။

ဒီမိုကရေစီဆိုတာ ပြည်သူကိုအခြေခံတဲ့စနစ်၊ ပြည်သူရဲ့ထောက်ခံမှုကို ဘယ်လို ရအောင် လုပ်ရမလဲ၊ ပြည်သူက ဘာတွေလိုလားသလဲ၊ ပြည်သူရဲ့မျှော်လင့်ချက်တွေက ဘယ်လိုတွေရှိသလဲ၊ စိုးရိမ်မှုတွေက ဘယ်လိုရှိသလဲဆိုတာ စပြီးတော့ ဒီလွှတ်တော် ရွေးကောက်ပွဲတွေကို မဝင်ခင် ကတည်းက နိုင်ငံရေးပါတီများဟာ လေ့လာရတယ်။ အဲဒီဟာကိုက နိုင်ငံရေးပါတီများကို လွှတ်တော်ကို အကြောင်းပြုပြီး ဒီမိုကရေစီအကြောင်း သင်ပေးလိုက်ရာ ရောက်ပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲတွေ ရောက်တဲ့အချိန်ကာလမှာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင် အတွင်းကနေ ပြည်သူကို ဘယ်လိုစည်းရုံးရမလဲဆိုတာ သင်ယူရတာ ဒါကလည်း ဒီမိုကရေစီကို မြှင့်တင်ရာရောက်ပါတယ်။

လွှတ်တော်ထဲကို ဝင်ချင်ရင်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ရင် ပြည်သူ လူထုရဲ့ထောက်ခံမှု ရအောင်ယူရမယ်။ မှန်မှန်ကန်ကန် ဥပဒေနဲ့ကိုက်ညီတဲ့ နည်းတွေနဲ့ ဒီထောက်ခံမှုကို ဘယ်လိုရအောင်ယူရမလဲဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တစ်ဦးချင်းတစ်ဦးချင်း သင်ယူရတာဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ ဥပဒေပြုမဏ္ဍိုင်ဆိုတာ ဥပဒေပြုတယ်ဆိုတာဟာ နိစ္စဓူ၀ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေ မဟုတ်ဘူး။ အခုဆိုရင် ကျွန်မတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့အလုပ်တစ်ခုပဲလို့ ကျွန်မတို့ ဒီလိုပဲမြင်စေချင်ပါတယ်။

တချို့တွေကဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သိပ်ပြီးတော့ အထင်ကြီးစရာ မဟုတ်ဘူးလို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေ တစ်ဆင့် ပိုပြီးကြီးမားတဲ့ရာထူးတွေကို မျှော်မှန်းတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ တကယ်တော့ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်လောက် ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ ပြည်သူလူထုအတွက် တစ်ချိန်လုံး စဉ်းစားပေးရပါတယ်။ ကိုယ့်ရဲ့ပါတီအပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့ပြည်သူအပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့နိုင်ငံအပေါ်မှာ ရှိတဲ့ တာဝန်၊ တာဝန်အမျိုးစုံကို ချင့်ချိန်ပြီး၊ မှန်မှန်ကန်ကန်သုံးသပ်ပြီး လေးလေးနက်နက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ဖို့ဆုံးဖြတ်ရပါတယ်။

စေတနာ၊ မေတ္တာ၊ သတ္တိ၊ ပညာတို့နဲ့ယှဉ်ပြီးတော့ လွှတ်တော်အတွင်းမှာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ပိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်များလောက် ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီပျိုးခင်းကို ပြုစုပျိုးထောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်ကိုယ်ကို ဂုဏ်ယူစေချင်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်း တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ တိုးပွားလာအောင်၊ မြင့်မားလာအောင် ကြိုးစားစေချင်ပါတယ်။ လွှတ်တော်အတွင်းမှာ မတူကွဲပြားတဲ့ ပါတီများ၊ အမြင်များ ပြည့်ပြီး အင်အားတစ်ခုဖြစ်အောင် လုပ်နိုင်ဖို့ အခွင့်အရေးတွေလည်း အများကြီးရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်တင်မဟုတ် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဖို့လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်ပြောလိုက်တဲ့စကား၊ ပြောပုံပြောနည်း၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ဒါတွေဟာ ကိုယ်တစ်ဦးတည်းအပေါ်မှာ ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပါတီတစ်ခုအပေါ်မှာလည်း ရောင်ပြန်ဟပ်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အပေါ်မှာပါ ရောင်ပြန်ဟပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။ တကယ့်ကို အများပြည်သူကနေ လေးစားခင်မင်တဲ့၊ တန်ဖိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျွန်မတို့ရဲ့ အခုခေတ်တင်မဟုတ်ဘူး နောင်ခေတ်မှာလာမယ့် ကိုယ်စားလှယ်တွေအားလုံးအတွက် စံနာမူနာဖြစ်သွားနိုင်ပါတယ်။ ဒီလို စံနမူနာဖြစ်သွားပြီဆိုရင် ကျွန်မတို့ရဲ့ ဒီမိုကရေစီစနစ် အခြေခိုင်သွားအောင်လို့ လုပ်ပေးရာရောက်ပါတယ်။

ပျိုးခင်းဆိုတာဟာ တစ်နေရာတည်းမှာထားဖို့ မဟုတ်ပါဘူး။ ဒီပျိုးခင်းကနေစပြီး အပင်လေးတွေပွားပြီးတော့ တစ်တိုင်းပြည်လုံးကိုရအောင်လို့ လုပ်ပေးနိုင်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်ဟာ တစ်တိုင်းပြည်လုံးက တိုင်းနဲ့ပြည်နယ်တွေက လွှတ်တော်တွေအတွက် ပျိုးခင်းတွေလည်းဖြစ်ပါတယ်။ ဒီမှာလုပ်ပုံလုပ်နည်းတွေ မှန်ကန်ပုံ၊ စေတနာတွေ မှန်ကန်ပုံ၊ ဆင်ခြင်တုံတရားတွေ ကြီးမားပုံ ဒါတွေဟာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအထိပါ ပွားသွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ့်ကို အားလုံးကနေပြီး ယုံကြည်လေးစားနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုလိုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များ ဆုံခွင့်ရတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကြပါ။ ခင်ခင်မင်မင်ဆက်ဆံကြပါ။ တစ်ယောက်ရဲ့အရည်အချင်း တိုးတက်အောင်လို့ နောက်တစ်ယောက် ကနေပြီး ကူညီပေးကြပါ။

အတိုက်အခံပါတီများဆိုတာ တကယ်တော့ တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦးနဲ့ အရည်အချင်းမြင့်မားအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ ကိုယ့်မှာ အတိုက်အခံရှိမှ ကိုယ်နဲ့ မတူကွဲပြားတဲ့ အမြင်ရှိတဲ့ အဖွဲ့အစည်းတွေရှိမှလည်း ကိုယ့်ရဲ့အရည်အချင်းတွေဟာ ပိုပြီးတက်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့မတူတဲ့အမြင်တွေရှိရင် ဒီအမြင်တွေဟာ မှန်လား၊ ကိုယ့်အမြင်က မှန်လားဆိုတာ ကိုယ်က ချင့်ချိန်သုံးသပ်ရတော့မယ်။ အကယ်၍ ကိုယ့်အမြင်က မမှန်ဘူးဆိုရင် ပြောင်းရဲတဲ့သတ္တိရှိရမယ်။ ကိုယ့်အမြင်က မှန်တယ်ဆိုရင်လည်း ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ ဘယ်သူပဲ ဝေဖန်ပါစေ၊ ဘယ်သူပဲ တိုက်ခိုက်ပါစေ ကိုယ်က တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံ့အကျိုးအတွက် လုပ်နေတယ်ဆိုရင် ရပ်တည်ရဲတဲ့ သတ္တိရှိရပါလိမ့်မယ်။

ဒါပေမယ့် ကိုယ့်ရဲ့ရပ်တည်ချက်ဟာ တကယ်တော့ နိုင်ငံကိုအကျိုးမပြုဘူးဆိုရင်တော့ ပြောင်းလဲရဲတဲ့သတ္တိရှိသလို ပြောင်းလဲတတ်တဲ့ ပညာလည်းရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်နိုင်ငံကို တန်ဖိုးထားပါ။ ကိုယ့်နိုင်ငံမှာ ဒီမိုကရေစီအမြစ် ခိုင်ခိုင်မာမာတွယ်သွားဖို့အတွက် ဒီမိုကရေစီ ပျိုးခင်းလေးကို စေတနာ၊ မေတ္တာ၊ ပညာ၊ သတ္တိနဲ့ ပြုစုပျိုးထောင်ပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။

Related Posts: