၁၄ - ၅ - ၂၀၁၈ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားခဲ့သည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

၁၄ - ၅ - ၂၀၁၈ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားခဲ့သည့်   ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့စတင် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လွှတ်တော်တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကာလဟာ ဒုတိယအကြိမ် လွှတ်တော်များရဲ့ သက်တမ်း နှစ်နှစ်ကျော်လွန်ခဲ့ပြီး တတိယနှစ် ကာလရဲ့ အစပိုင်းလည်းဖြစ်ပါတယ်။ အစည်းအဝေး ကျင်းပမှု တစ်ကြိမ်ထက်တစ်ကြိမ် ပို၍အတွေ့အကြုံ ရင့်ကျက်လာသည့်နှင့်အမျှ ဥပဒေပြုရေး လုပ်ငန်းတာဝန်များ အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်းရေး လုပ်ငန်းများဆောင်ရွက်ကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာစောင့်ထိန်းပြီး ဒီမိုကရေစီစနစ် ပိုမိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂ နှစ်ကျော်ကြာ ကာလအတွင်း မိမိတို့ရရှိပြီးတဲ့ အတွေ့အကြုံကောင်းများကို နိုင်ငံသူနိုင်ငံသားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောင်းစွာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်ရန် ကျန်ရှိတဲ့ ဥပဒေကြမ်း အပါအဝင် လွှတ်တော်အသီးသီးရဲ့ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများအနက်မှ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အရေးကြီးတဲ့ ဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး လွှတ်တော်က ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေများ နဲ့အညီ ဌာန၊ အဖွဲ့အစည်းများက တင်ပြလာတဲ့ အစီရင်ခံစာများကို ဆွေးနွေး အတည်ပြုပေးခြင်းနဲ့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်လက်မှတ်ရေးထိုးရန် သဘောတူ စာချုပ်တို့ကိုလည်း လွှတ်တော်ရဲ့ အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာမှာ ခွင့်ပြုချက် ရရှိတဲ့လုပ်ငန်းများကိုသာ ဆောင်ရွက်ဖို့နဲ့ မဖြစ်မနေ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီတင်ပြရန် ညွှန်ကြားခဲ့ပါတယ်။ သို့ရာတွင် အချို့သောမြို့နယ် များမှာ လုပ်ငန်းပြီးစီးကြောင်း ပြန်လည်တင်ပြသည့်အခါမှသာ မူလလုပ်ငန်းများ အတိုင်း ဆောင်ရွက်ထားမှုမရှိတဲ့အပြင် လုပ်ငန်းပြောင်းလဲဆောင်ရွက်ခွင့် တင်ပြ ထားမှုမရှိခြင်းတို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနဲ့ လိုက်နာမှု၊ ကိုက်ညီမှုမရှိတဲ့အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အထူးသတိပြုဆောင်ရွက်ကြစေလိုပါတယ်။

ဒါ့အပြင် လုပ်ငန်းပြီးစီးမှုများကို ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီသို့ ၃၀.၄.၂၀၁၈ ရက်နေ့ နောက်ဆုံးထားတင်ပြဖို့ စာထုတ်ပြန်သတိပေးခဲ့သော်လည်း ယခုအချိန်အထိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ၂၄၂ မြို့နယ်မှ တင်ပြခဲ့ကြပြီး ၈၃ မြို့နယ် ပေးပို့တင်ပြဖို့ ကျန်ရှိနေပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့မြို့နယ်များ အနေနဲ့ အမြန်ဆုံးပေးပို့ကြရန်နှင့် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့လုပ်ငန်းများအတွက် ပိုလျှံငွေများကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲမှတစ်ဆင့် နေပြည်တော်ရှိ ငွေတိုက်ဦးစီးဌာနသို့ အချိန်မီပြန်လည်အပ်နှံကြရန် အသိပေးပြောကြားလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဆက်လက်ဆောင်ရွက်ရမယ့် ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများဟာ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့ အပါအဝင် မိမိတို့ လွှတ်တော် အချင်းချင်း ပူးပေါင်းညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရမယ့် လုပ်ငန်းများ ဖြစ်တဲ့အတွက် မိမိတို့ ကိုယ်စားလှယ် အချင်းချင်းဖြစ်စေ၊ ပြည်သူများနဲ့ဖြစ်စေ၊ မီဒီယာများနဲ့ဖြစ်စေ၊ တွေ့ထိဆက်ဆံ ပြောဆိုလုပ်ဆောင်ကြရာမှာလည်း စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်မှုရှိခြင်းတို့ဖြင့် စိတ်ကောင်းစေတနာနဲ့ ယှဉ်တွဲဆောင်ရွက် ကြဖို့ တိုက်တွန်းရင်း အဋ္ဌမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာကြသူများကို ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Related Posts: