၁၅ - ၁ - ၂၀၁၈ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားခဲ့သည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

၁၅ - ၁ - ၂၀၁၈ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားခဲ့သည့်   ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မင်္ဂလာရှိတဲ့ ၂၀၁၈ ခု၊ နှစ်သစ်အခါသမယမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သရင်း ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။

လွှတ်တော်အစည်းအဝေးများ ရပ်နားထားတဲ့ကာလအတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေအသီးသီးကို ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသံတွေကို ကိုယ်တိုင်ကြားသိလေ့လာခွင့် ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီး ဒီနေ့စတင်ကျင်းပပြုလုပ်တဲ့ သတ္တမပုံမှန် အစည်းအဝေးမှာ နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူများ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူဖြစ်စေမယ့် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ လုပ်ငန်း တာဝန်များကို ကြိုးစားထမ်းဆောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကာလကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ အစား ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေး နှစ်မှစပြီး အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြင်ဆင် သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ သတ္တမပုံမှန် အစည်းအဝေးမှာ လက်ရှိဘဏ္ဍာရေးနှစ်နဲ့ ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ်ရဲ့ ကြားကာလ ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လတာကာလအတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပေးကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြ လာတဲ့ စီမံကိန်းလုပ်ငန်းများနဲ့ ရငွေသုံးငွေများကို စိစစ်ကြတဲ့အခါမှာလည်း ၆လကာလနဲ့ ကိုက်ညီပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ လတ်တလောလိုအပ်ချက်နဲ့ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလော ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို အထိရောက်ဆုံး ဖြစ်အောင် ဖြည့်ဆည်းနိုင်ရေး အလေးထားဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားတဲ့ ဥပဒေကြမ်းနှစ်ခု၊ နိုင်ငံတကာချေးငွေကိစ္စတစ်ခုတို့ အပါအဝင် လွှတ်တော် အသီးသီးမှာ ကျန်ရှိနေတဲ့ ဆောင်ရွက်ဆဲဥပဒေကြမ်းများကိုလည်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၇-၂၀၁၈ ခု၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ မြို့နယ် ၃၂၅ မြို့နယ်အတွက် လုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုမိန့်များကို ထုတ်ပေးပြီး ဖြစ်တဲ့အပြင် မြို့နယ် ၉၉ မြို့နယ်က အခြားစီမံကိန်းများတွင် ပါဝင်နေခြင်း၊ ရာသီဥတုအခြေအနေ၊ မြေပြင်အနေအထားတို့ကြောင့် သတ်မှတ်ကာလဖြစ်တဲ့ ၃၁-၁၂-၂၀၁၇ ရက်အထိ လုပ်ငန်းပြောင်းလဲဆောင်ရွက်ခွင့်ပြုရန် တင်ပြချက် တွေကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ကိုယ်စားလှယ်များအနေနဲ့လည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း နှစ် နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး မလိုလားအပ်တဲ့အငြင်းပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့မှာကြားလိုပါတယ်။ ဒါ့အပြင် လုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ပေါ်စေရေး၊ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ လုပ်ငန်းများအတွက် ပိုလျှံရန်ပုံငွေများကို ငွေတိုက်ဦးစီးဌာနသို့ အချိန်မီ ပြန်လည် ပေးသွင်းရေးကို အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်ကြဖို့နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီတစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ပိုမိုများပြားတဲ့ လုပ်ငန်းတာဝန်များကို ကြုံတွေ့ကြရမှာ ဖြစ်တဲ့အတွက် အချိန်ကို လေးစားတန်ဖိုးထားပြီး စနစ်တကျ စီမံအသုံးပြုနိုင်ဖို့နဲ့ စေတနာမှန်၊ လုပ်နည်းလုပ်ဟန် မှန်ကန်စွာဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်သူနဲ့ နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ငန်းတာဝန်များ ဆောင်ရွက် ကြရာမှာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းသတ်မှတ်ချက်များအတိုင်း မှန်ကန်စွာ ကျင့်သုံးဆောင်ရွက်ကြဖို့ အရေးကြီး ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရဲ့ အမြော်အမြင်ရှိမှုနဲ့ ဇွဲလုံလ၊ ဝိရီယရှိမှုတွေကို မှတ်ကျောက်တင်ခံနိုင်ဖို့အတွက် မိမိတို့ရဲ့လုပ်ငန်း တာဝန် များကို ကြိုးစားထမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ယခုအချိန်ကာလဟာ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရာမှာ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နဲ့ ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ်သစ်တို့ အကြား ကြားကာလဖြစ်တဲ့ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ ကာလ အတွက်ကိုသာ အတည်ပြုပြဋ္ဌာန်းရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရခြင်းမှာ ပြည်သူ့အတွက် လတ်တလော ဖြည့်ဆည်းပေးဖို့ အမှန်တကယ်လိုအပ်နေတဲ့ လုပ်ငန်းတွေနဲ့ ကြိုတင်ဆောင်ရွက်ရမယ့် လုပ်ငန်း တွေကိုသာ ဦးစားပေးဆောင်ရွက်ကြဖို့မှာကြားလိုပါတယ်။

ကိုယ်စားလှယ် အချင်းချင်းဖြစ်စေ၊ အခြားမည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများနဲ့ဖြစ်စေ ဆွေးနွေးညှိနှိုင်းကြရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်ခြင်းများကို စိတ်ကောင်းစေတနာနဲ့ယှဉ်ပြီး သဟဇာတရှိရှိ မျှမျှတတ ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်မှုရှိအောင် ဆောင်ရွက်ပေးကြရန် လိုအပ် ပါကြောင်းနဲ့

ယခုလို (၆)လတာဘတ်ဂျတ်အတည်ပြုပြီးပါက ရရှိလာမည့် အားသာချက် များကတော့ တည်ဆောက်ရေးလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းတွေမှာ ပွင့်လင်းရာသီနှင့်အတူ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဘဏ္ဍာရေးနှစ် စတင်ချိန်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များ တိုက်ဆိုင်နေမှု မရှိတော့ခြင်း၊ ပွင့်လင်း ရာသီအစမှာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီး ဘတ်ဂျတ် ကုန်ဆုံးခါနီး မိုးရာသီမှာ လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုများမှာ (၃)လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ ပိုမိုညီညွတ်မျှတ လာစေနိုင်မည့်အပြင် ပြောင်းလဲလုပ်ဆောင်ရန် သုံးစွဲရ   မည့် ကုန်ကျစရိတ်များထက် အဆများစွာ သာလွန်နိုင်တဲ့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမိုဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။

Related Posts: