ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှစပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးဟာ မကြာမီ အချိန်အတွင်းမှာ အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်ပြီးစီးမှုနဲ့အတူ ပြီးမြောက်တော့မှာ ဖြစ်ပါတယ်။

ယခုကျင်းပခဲ့တဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်းမှာ ပြည်ထောင်စု လွှတ်တော်အနေနဲ့ ဦးစားပေးဆောင်ရွက်ပေးရမယ့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး လွှတ်တော်နှစ်ရပ်သဘောတူတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇)၊ စာရင်းအင်းဥပဒေကြမ်းနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြမ်း တို့ကိုလည်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့အတွက် ပေးပို့ နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီး နှစ်ဦး ခန့်အပ်တာဝန်ပေးအပ်ခြင်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းခြင်းကိစ္စရပ်များအတွက် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန် များကို ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့လိုအပ်တဲ့ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ၌ ဥပဒေပိုင်း အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်းကိစ္စရပ် အပါအဝင် အပြည်ပြည်ဆိုင်ရာစာချုပ်များနဲ့ သဘောတူညီချက် များမှာ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စရပ် ၉ ခုနဲ့ ပြည်တွင်းချေးငွေ ကိစ္စရပ်နှစ်ခုတို့ကို လွှတ်တော်မှာ ဆွေးနွေးပြီး သဘောတူအတည်ပြု ပေးနိုင်ခဲ့ ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်ထိ (အစား) အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်ထိ ပြောင်းလဲ ပြင်ဆင်သတ်မှတ်မှုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ဆွေးနွေးမှတ်တမ်းတင်ခြင်း အပါအဝင် မှတ်တမ်းတင်ခြင်းကိစ္စရပ် ၈ ခု တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးကဏ္ဍရဲ့ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း များက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လွှတ်တော်သို့ တင်ပြလာတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ငွေရေးကြေးရေး စနစ်တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ) တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ) ၆ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတို့ကိုလည်း ဆွေးနွေးမှတ်တမ်းတင်နိုင််ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

အခုဆိုရင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ကာလရဲ့ သုံးပုံနှစ်ပုံခန့် ကုန်ဆုံးပြီး နှစ်ကုန်ပိုင်းကို ရောက်နေပါပြီ။ ဒီနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေများကို စုစုပေါင်း ၃၂၅ မြို့နယ်အတွက် ကျပ်သန်းပေါင်း ၃၂၄၉၉.၉၉၈ ခွင့်ပြုမိန့်ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်။ မြို့နယ်အလိုက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရာမှာ မဲဆန္ဒရှင် ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုပြီး သုံးစွဲကုန်ကျမှုနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုဖြစ်စေဖို့နဲ့ ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း အချိန်မီနဲ့ စနစ်တကျပြီးစီးအောင် ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလသာ ကျန်ရှိတဲ့အတွက် လုပ်ငန်းပြောင်း တင်ပြခြင်းများကို ဒီဇင်ဘာလကုန် နောက်ဆုံးထား တင်ပြကြဖို့ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ လက်ရှိဘဏ္ဍာနှစ်ကာလသတ်မှတ်မှု အစား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ ပြောင်းလဲဆောင်ရွက်မှာ ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ၆ လတာ ကာလ အတွက် စီမံကိန်း၊ ဘတ်ဂျက်တို့ကို သီးခြားဆောင်ရွက်ရာမှာ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်းလျာထားဖို့မရှိဘဲ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တစ်နှစ်စာ ဘတ်ဂျက် ရေးဆွဲချိန်မှသာ ထည့်သွင်းလျာထားဖို့ စီမံထားကြောင်းကိုလည်း ကြိုတင်အသိပေးထားလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နောက်တစ်ကြိမ် ပြန်လည်ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာဆိုရင်လည်း ပြည်ထောင်စုလွှတ်တော်မှာသာ ဆောင်ရွက် ပေးရမယ့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ အခွန်အကောက် ဆိုင်ရာဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြောင်းလဲပြင်ဆင်ထားတဲ့ ဘဏ္ဍာရေးနှစ် ကာလနဲ့အညီ စိစစ်ဆောင်ရွက်ပေးခြင်း အပါအဝင် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။

လွှတ်တော် အစည်းအဝေးများ ခေတ္တရပ်နားစဉ် ကာလမှာ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေ အသီးသီးကို ရောက်ရှိကြပြီး မဲဆန္ဒရှင် ပြည်သူများရဲ့ လူမှုစီးပွားဘဝနဲ့ နယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ကြပါစေ၊ လာမယ့် လွှတ်တော် အစည်းအဝေးများ ပြန်လည်ခေါ်ယူတဲ့အခါမှာလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ စုံစုံညီညီ တွေ့ဆုံနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက် လိုက်ပါတယ်။

Related Posts: