၁၇ - ၁၀ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

၁၇ - ၁၀ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း နှစ်ဖြာသောသုခနဲ့ ပြည့်စုံ ကြပါစေလို့ မေတ္တာနဲ့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယခုကျင်းပမယ့် ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်းမှာ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း စိစစ်အတည်ပြုနိုင်ရေးကို အဓိကထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားတဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာကိစ္စရပ် ဖြစ်တဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သည့်ကိစ္စ၊ ၂၁၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စအပါအဝင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် သဘောတူစာချုပ် နှစ်ခုတို့ကိုလည်း လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပဉ္စမပုံမှန် အစည်းအဝေးမှာ ဆောင်ရွက်ရန်ကျန်ရှိခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနဲ့စပ်လျဉ်းပြီး ဆွေးနွေးခြင်းကိစ္စရပ် အပါအဝင် လွှတ်တော်အသီးသီးမှာရှိတဲ့ ဆောင်ရွက်ဆဲဥပဒေကြမ်းများကိုလည်း ဦးစားပေး အလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ယခုအစည်းအဝေးမှာ ပိုမို များပြားတဲ့ အလုပ်တာဝန်များကို အချိန်မီနဲ့ အောင်မြင်စွာ ပြီးမြောက်နိုင်ဖို့ အတွက် အားလုံးက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်မှာ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စျေးကွက်စီးပွားရေးစနစ်ကို ပိုမိုခိုင်မာတိုးတက်စေရန်နဲ့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာစေရေးတို့ အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍအလိုက် အကောင်အထည်ဖော် လုပ်ဆောင်နေကြရာမှာလည်း မိမိတို့ရဲ့ အခန်းကဏ္ဍ အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော၊ ပြည်သူအားလုံးကိုကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်တာနဲ့အညီ ပြည်သူများအပေါ် ထားရှိရမည့် ကတိသစ္စာများအတိုင်း အမြဲတမ်း မဖောက်မပြန် အလေးထား ဆောင်ရွက်ပေးကြရမည်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ခံယူထားကြရမှာ ဖြစ်ပါတယ်။

အလားတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းမှုရရှိရေးတို့ဟာလည်း မဖြစ်မနေ ဆောင်ရွက်ကြရမယ့် အမျိုးသားရေးတာဝန်ဖြစ်တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ ဆက်လက် ဆောင်ရွက်ကြရမယ့် လုပ်ငန်းတိုင်းမှာ ဒီအကြောင်းအရာများကို အလေးထား စဉ်းစားပြီး အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းပြောကြား လိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲခွင့် အဆိုပြုချက်ပုံစံ(၁)များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား ပေးပို့ကြဖို့ ကိုယ်စားလှယ်များထံ အသိပေးဖြန့်ဝေထားပြီး ဖြစ်ပါတယ်။

ယနေ့အချိန်ထိ ၃၂၄ မြို့နယ်မှ ပုံစံ(၁)များ တင်ပြခဲ့ကြပြီး တောင်ကုတ် မြို့နယ်တစ်ခုသာ ကျန်ရှိတဲ့အတွက် အမြန်ဆုံးတင်ပြဖို့မှာကြားလိုပါတယ်။ ဒါ့အပြင် မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြဖို့နဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း ဂရုပြုဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်း သာယာဝပြောစေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အောင်မြင်စွာရောက်ရှိအောင် ချီတက်ကြတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရဲ့ အမြော်အမြင်ရှိမှုနဲ့ ဇွဲလုံ့လ၊ ဝီရိယရှိမှု၊ ပြည်သူလူထု အပေါ် တာဝန်ကျေပွန်မှုတွေကို သမိုင်းမှာ မှတ်ကျောက်တင် ခံနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းထားချက်များနဲ့အညီ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးအပြင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။

Related Posts: