တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအကျင်းပ၊ ဇန်နဝါရီ ၁၃



တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြား သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော်ကော် မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦးတို့ တက်ရောက်ပြီး တွေ့ဆုံညှိနှိုင်းခြင်းဖြစ်၍ ထူးခြားသည့် အစည်းအဝေးဟု ပြောနိုင်ပါကြောင်း၊ မိမိတို့လွှတ်တော်များက အလေးထားဆောင်ရွက်နေသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို များစွာအထောက်အကူ ပြုမည်ဟုယူဆပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြထားချက်အရ ဥပဒေပြုရန်လိုအပ်သည်ဟု ယူဆပြီးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ အဆိုတင်သွင်းချက်အရ အဆို အောင်မြင်၍ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်းသို့ဆွေးနွေးချက်များအပေါ်မူတည်၍ ဥပဒေကြမ်းတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ စတင်ဆွေးနွေးကာ အမျိုးသားလွှတ်တော်သို့ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အလေးအနက်ထားဆွေးနွေးပြီးဖြစ်၍ ပြင်ဆင်ချက် အဆိုများဖြင့် ပြည်သူ့လွှတ်တော် သို့ ပြန်လည်ပေးပို့ထားပါကြောင်း၊ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးပြီး အားလုံးသဘောတူညီပါက ပြည်ထောင်စုလွှတ်တော်ကသဘောတူသည်ဟု မှတ်ယူကာ နိုင်ငံတော်သမ္မတထံ ပေးပို့မည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၌ သဘောတူညီမှု မရှိပါက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။

တိုင်းရင်းသားရေးရာဝန်ကြီးများ နေပြည်တော်သို့ရောက်ရှိခိုက် မိမိတို့လွှတ်တော်၏ လုပ်ဆောင်ချက်များ သိရှိအောင်၊ အကြံပြုချက်များပေးနိုင်အောင် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း မကြာမီ အသက်ဝင်အောင်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ရေးရာဝန်ကြီးများ၏ အခန်းကဏ္ဍ မြင့်မားလာမည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့်ပြောကြားသည်။ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဝိဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြသည်။တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။


Related Posts: