ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဖြူးမြို့နယ် ခရီးစဉ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဖြူးမြို့နယ် ခရီးစဉ်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင် မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသည့် ဆရာ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် ဖြူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စပယ်ဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက် အမှာစကားပြောကြားသည်။

အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်ထောင်စု အောင်ချက်မှာ ယခင်နှစ် အဆင့်(၁၀)မှ ယခုနှစ် အဆင့်(၇)သို့ တက်လာခဲ့ပါကြောင်း၊ ယခုလာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း မြင့်မားစွာတိုးတက်နိုင်ရန် ဘာသာရပ်ဆိုင်ရာ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တာဝန်ရှိသူအဆင့်ဆင့်က တက်ညီလက်ညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာကျော်ဦး၊ ဦးကျော်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်အောင်၊ ဦးအောင်မြင့် နှင့် တာဝန်ရှိသူများက ငါးဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ခြောက်ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ ၂၀၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၃၆ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၄၀၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး ပထမဆုရ ဖြူးအခြေခံပညာအထက်တန်းကျောင်းခွဲ၊ အောင်ချက်အကောင်းဆုံး ဒုတိယဆုရ ရွာလယ် အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ချက်အကောင်းဆုံး တတိယဆုရ ဝဲကြီး အခြေခံပညာအထက်တန်းကျောင်းတို့အား ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် ဆုငွေများပေးအပ်ချီးမြှင့်သည်။



ထို့နောက် ဖြူးမြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများကိုယ်စား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဆင့်က ဖြူးမြို့နယ်၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဖြူးမြို့နယ် ဝဲကြီး အခြေခံပညာအထက်တန်းကျောင်းတာဝန်ခံဆရာမ ဒေါ်မြမြလွင်က ဝဲကြီး အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံဆရာမ ဒေါ်မြမြလွင်က ဝဲကြီး အခြေခံပညာအထက်တန်းကျောင်း၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမများ၏ ကြိုးပမ်းသင်ကြားခဲ့မှု အခြေအနေများနှင့် ကျောင်းအဆောက်အအုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် ဖြူးမြို့နယ်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့တွင် ထူးခြားနိုးကြားသည့် ဒေသတခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် နိုင်ငံရေးနိုးကြားမှုအရှိဆုံး ဒေသအဖြစ်ပါဝင်ခဲ့ပါကြောင်း၊ လယ်ယာ၊ သားငါး၊ သစ်တောနှင့် လျှပ်စစ်ကဏ္ဍများကြွယ်ဝသည့် ဒေသဖြစ်သည့်အလျောက် လူမှုစီးပွားရေးဘဝများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်လိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးဖြစ်သည့် ပညာရေးကဏ္ဍ ကောင်းမွန်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ပညာရေးရန်ပုံငွေများကိုလည်း တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ရောက်ရှိရေးသည် အရေးကြီးပြီး မူလတန်း အဆင့်မှ အခြေခံပညာအထက်တန်းအဆင့်အထိ ကောင်းမွန်သည့်ပညာရေးစနစ်ဖြင့် အောင်ချက်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် သင်ကြားပေးသည့် ဆရာ ဆရာမများနှင့် သင်ယူကြသည့် ကျောင်းသား ကျောင်းသူများ နှစ်ဦးနှစ်ဖက် ဟန်ချက်ညီရန် လိုအပ်ပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် တစ်ဖွဲ့တည်း၊ တစ်ယောက်တည်းဖြင့် မရနိုင်ကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားပေးနိုင်မှုသည် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန် တည်ဆောက်ပေးနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်တွင် အမျိုးသားပညာရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို မိမိတို့ရင်သွေးငယ်များအဖြစ်သဘောထားပြီး မွန်မြတ်သည့် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

Related Posts: