ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို အစီအစဉ် (၈) ခုဖြင့် ကျင်းပပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစီအစဉ်ကို ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲ သော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ ဝင် ဦးတင်ယုက တင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါကအမည် စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။

ဆက်လက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးမော်သာထွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ ရာတွင် ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းသည် ရေကိုပြန်လမ်းမရှိသုံးစွဲသည့်လုပ်ငန်း အမျိုးအစားမဟုတ်သည့်အတွက် ရေအားလျှပ်စစ်ကြောင့် ရေပျောက်ဆုံးမှုမဖြစ်သည့် အတွက် ဆောင်ရွက်သင့်သော ရေအသုံးချလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ယနေ့တပ်ဆင်စက်အင်အား စုစုပေါင်းသည်(အရင်းအမြစ်အားလုံး)မဂ္ဂါဝပ် ၄၃၆၂ ဒသမ ၅ သာရှိသေးသည့်အတွက် နှစ်စဉ်လိုအပ်ချက်ပြည့်မှီရေး နှစ်အလိုက် ဓာတ်အားပေးစက်ရုံများ တိုးတက်တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ နှစ်စဉ် တိုးတက်နှုန်း ၁၃ ရာခိုင်နှုန်းဖြင့် တွက်ချက်၍ အရန်ဓာတ်အား ၃၀ ရာခိုင်နှုန်းထားရှိရန် စီစဉ်လျာထားသွားမည်ဖြစ်ပါကြောင်း။



ဤသို့ တိုးတက်လိုအပ်လာသော ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် တည်ငြိမ်ရေး ဈေးနှုန်းသက်သာရေး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအချက်(၃)ချက်ကို အဓိကထား၍ နိုင်ငံတော်အတွင်းဖြစ်သင့်သည့် အရင်းအမြစ်ပါဝင် အချိုး (Generation Mix) ဖြစ်ပေါ်လာစေရေးအတွက် Master Plan ရေးဆွဲ ထားပြီးဖြစ်ကြောင်း။

ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်က ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်စေခြင်း (BOT)နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ခြင်း(JV/BOT) စသည့် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပျဉ်းမနားမြို့နယ်ရှိ (အထက်ပေါင်းလောင်းစီမံကိန်း)၊ မိုးမိတ်မြို့နယ်ရှိ ရွှေလီစီမံကိန်း၊ ဖြူးမြို့နယ်ရှိ ဖြူးစီမံကိန်း၊ ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာစီမံကိန်း၊ သံတွဲမြို့နယ်ရှိ သူဌေးစီမံကိန်းနှင့် ကျိုင်းတောင်းမြို့နယ်ရှိ အထက်ကျိုင်းတောင်းစီမံကိန်းများကို နိုင်ငံတော်က ကိုယ်တိုင်ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းစက်တပ်အင်အား မဂ္ဂါဝပ် ၁၆၃၂ရှိပါကြောင်း၊ ထို့ပြင် ပြည်တွင်းတိုင်းရင်းသား ရင်းနှီးမြှပ်နှံမှုဖြင့် အထက်ဘီလူးချောင်းစီမံကိန်း၊ နမ္မတူ (သီပေါ) စီမံကိန်းနှင့် မိုင်းဝစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၉၆ ဒသမ ၄ ရှိပါကြောင်း။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု(ဖက်စပ်ပိုင်) JV Agreement လက်မှတ်ရေးထိုး၍ ချီဖွေစီမံကိန်း၊ လိုက်ဇာစီမံကိန်းနှင့် ကွမ်းလုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း စက်တပ်အင်အား မဂ္ဂါဝပ် ၁၃၈၀ဝ ရှိပါကြောင်း၊ ထို့အတူ MOA လက်မှတ်ရေးထိုးပြီးသည့် ဝူဆောက်စီမံကိန်း၊ ခေါင်လံဖူးစီမံကိန်း၊ ယီနန်စီမံကိန်း၊ ဖီဇောစီမံကိန်း၊ ဂေါလန်းစီမံကိန်း၊ ခန်ကန်းစီမံကိန်း၊ လောင်ဒင်စီမံကိန်း၊ ထုံရှင်းချောင်စီမံကိန်း၊ ရွာသစ်စီမံကိန်း၊ နမ့်တဘက်စီမံကိန်း၊ ထုကျန်းစီမံကိန်း၊ ဟတ်ကြီးစီမံကိန်း၊ နောင်ဖစီမံကိန်း၊ မန်တောင်းစီမံကိန်း၊ ရွှေလီစီမံကိန်း၊ ဟန်နစီမံကိန်း၊ သခွစီမံကိန်း၊ ပလောင်စီမံကိန်းနှင့် ဘော်လခဲစီမံကိန်းစသည့် စီမံကိန်း ၁၉ ခုရှိပြီး စုစုပေါင်းစက်တပ်အင်အား မဂ္ဂါဝပ် ၁၆၉၇၀ ရှိပါကြောင်း။



အလားတူ MoU လက်မှတ်ရေးထိုးပြီး စူးစမ်းလေ့လာဆဲစီမံကိန်းများဖြစ်သည့် တာပိန်စီမံကိန်း၊ မိုင်းတုံစီမံကိန်း၊ ကျိုင်းတုံစီမံကိန်း၊ ဝမ်တာပင်းစီမံကိန်း၊ ဆီလူးစီမံကိန်း၊ ကျိုင်းရမ်းစီမံကိန်း၊ ဟီကူးစီမံကိန်း၊ နမ့်ခစီမံကိန်းနှင့် နမ့်တဘက်စီမံကိန်းစသည့် စုစုပေါင်းစီမံကိန်း ၉ ခုရှိပြီး စုစုပေါင်းစက်တပ်အင်အား မဂ္ဂါဝပ် ၃၈၇၈၀ ရှိပါကြောင်း၊ MoU လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသော (JV/BOT) ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု (ဒွန်ဘန်နှင့် နမ္မလိစီမံကိန်း)ရှိပြီး စုစုပေါင်းစက်တပ်အင်အား မဂ္ဂါဝပ် ၂၉၅ ရှိပါကြောင်း၊ ထို့အတူ MoU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသော (BOT)ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု(မိုင်းယောင်းစီမံကိန်းနှင့် နမ့်ခုတ်စီမံကိန်း) ရှိပြီး စုစုပေါင်း စက်တပ်အင်အား မဂ္ဂါဝပ် ၉၅ ရှိပါကြောင်း၊ ဒီးဒုတ်စီမံကိန်း၊ အလယ်ပေါင်းလောင်းစီမံကိန်း၊ အလယ်ရဲရွာ စီမံကိန်းနှင့် ဘောဂထစီမံကိန်းများသည် ဖြစ်နိုင်စွမ်းရှိ၍ ဆောင်ရွက်ရန်စီစဉ်လျက်ရှိပြီး စုစုပေါင်းစက်တပ်အင်အား မဂ္ဂါဝပ် ၆၄၆ ရှိပါကြောင်း။

ကွမ်းလုံစီမံကိန်း၊ ချီဖွေစီမံကိန်းနှင့် လိုက်ဇာစီမံကိန်းသုံးခု ဆက်လက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ နှစ်စဉ်အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၃၆၇ သန်းခန့်ရရှိပြီး နိုင်ငံတော်အတွင်း သုံးစွဲရန် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၂၆၂၀ တိုးတက်သုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းများကို အကောင်အထည်ဖော်ပါက တည်ဆောက်ရေးကာလ အများဆုံး ခုနှစ်နှစ် ကြာမြင့်မည်ဖြစ်ရာ ၂၀၂၁-၂၀၂၂ ခုနှစ်ခန့်တွင် ဓာတ်အားသုံးစွဲနိုင်မည်ဖြစ် ပါကြောင်း။

အဆိုပါစီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု (EIA/SIA)အစီရင်ခံစာများကို တတိယအဖွဲ့အစည်းတစ်ခုဖြစ်သော Biodiversity and Nature Conversation Association(BANCA)က အသီးသီးတင်သွင်းသွားပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများမှ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုသို့လည်း ပွင်းလင်းမြင်သာမှုရှိစွာ ရှင်းလင်းချပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သံလွင်မြစ်ပေါ်တွင် ကွမ်းလုံစီမံကိန်း၊ နောင်ဖစီမံကိန်း၊ မိုင်းတုံစီမံကိန်း၊ ရွာသစ်စီမံကိန်းနှင့် ဟတ်ကြီးစီမံကိန်း စုစုပေါင်း စီမံကိန်း ၅ ခုကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း စက်တပ်အင်အား မဂ္ဂါဝပ် ၁၄၉၆၀ ရှိပါကြောင်း၊ သံလွင်မြစ်ပေါ်မှ ကွမ်းလုံစီမံကိန်းနှင့် နောင်ဖစီမံကိန်း၊ နမ့်မမြစ်ပေါ်မှ မန်တောင်းစီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်ဆိုပါက နိုင်ငံတော်မှ ရရှိမည့်ဓာတ်အားနှင့် နိုင်ငံတော်မှ ရရှိမည့်ဓာတ်အား မဂ္ဂါဝပ် ၁၄၁၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၇ သန်း အကျိုးအမြတ်ရရှိမည်ဖြစ်ပါကြောင်း။

လျှပ်စစ်ဓာတ်အားဖူလုံလာပါက ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံတော်၏ ကြွယ်ဝသော ရေသယံဇာတဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေး၊ ရေအခြေခံစီးပွားရေး၊ (Water-based Economy) ဆောင်ရွက်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စနစ်တကျ စီမံကြီးကြပ်၍ ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် တည်ဆောက်ရေး ကာလ တိုတောင်းသည့်၊ ဓာတ်အားရရှိမှု တည်ငြိမ်သည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ်ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး စိစစ်၍ ခေတ်မီနည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။ အဆိုပါ ဒုတိယဝန်ကြီး၏ ရှင်းလင်းတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အစည်းအဝေးစတုတ္ထနေ့ ရပ်နားကြောင်း ကြေညာလိုက်သည်။

Related Posts: