ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အစီအစဉ် (၁၄) ခုဖြင့် ကျင်းပပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့ အစီအစဉ်ကို ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသော ဦးစိုးဝင်းက ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်းသည့် သဝဏ်လွှာကိုတင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စံချိန်စံညွှန်း သတ်မှတ်ခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍တစ်ပိုဒ်ခြင်းဆီအလိုက်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ကိုရယူသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြသည်။ ယင်းနောက် အထက်ပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးမောင်တိုး က ဖတ်ကြားတင်သွင်းပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိ်ုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိ်ုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အထောက်အကူပြု မြစိမ်းရောင်စီမံကိန်း နှင့် စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ငွေ က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း (၁)၊ (၂)၊ (၃) ပါ ကိစ္စရပ်များ အပါအဝင် မြေယာအမှုတွဲများအပေါ် ၂၆-၁၂-၂၀၁၃ ရက်မှ ၂၄-၆-၂၀၁၄ ရက်အထိ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃) ပါမြေကိစ္စစုစုပေါင်း (၇၄၅) မှုတွင် တိုင်ကြားသူများက ၎င်းတို့သိမ်းဆည်းခံရသည်ဟု တင်ပြထားသည့် မြေဧရိယာမှာ စိစစ်ချက်အရ အစီရင်ခံစာ အပိုင်း (၁) ပါ (၅၆၅)မှုတွင် (၃၂၁၄၃၅ ဒသမ ၂၈၀) ဧက၊ အစီရင်ခံစာအပိုင်း(၂)ပါ (၆၃)မှုတွင် (၆၁၈၀၆ ဒသမ ၅၆၀)ဧက၊ အစီရင်ခံစာ အပိုင်း(၃)ပါ (၁၁၇)မှုတွင် (၁၂၉၈၄၃ ဒသမ ၁၈၉) ဧက ဖြစ်ပြီး စုစုပေါင်းတိုင်ကြားမှု (၇၄၅)မှုပါ မြေဧကမှာ (၅၁၃၀၈၅ ဒသမ ဝ၉၂) ဧက ဖြစ်ပါကြောင်း၊ အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃) ပါမြေကိစ္စစုစုပေါင်း (၇၄၅) မှုကို လုပ်ငန်းစဉ်များအတိုင်း စိစစ်ပြီးဖြစ်ပြီးဖြစ်၍ အသုံးပြုရန်ထက် ပိုမိုမှုကြောင့် စွန့်လွှတ်သည့် မြေဧရိယာ (၄၃၇၁၇ ဒသမ ၇၄၀) ဧကနှင့် အသုံးမပြု၍ အားလုံးစွန့်လွှတ်သည့် မြေဧရိယာ (၂၈၉၆၈ ဒသမ ၄၆၁) ဧက စုစုပေါင်း ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ (၇၂၆၈၆ ဒသမ ၂၀၁)ဧက ကို သက်ဆိုင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါပြန်လည်စွန့်လွှတ်မြေများအနက် မြေဧရိယာ (၅၁၀၉၄ ဒသမ ၁၄)ဧကအား သက်ဆိုင်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပေးအပ်ရန် ကျန်မြေဧရိယာ (၂၁၅၉၂ ဒသမ ဝ၆၁)ဧကအား သက်ဆိုင်သူများသို့ အမြန်ပေးအပ်နိ်ုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့် အစီရင်ခံစာများတွင် ပါဝင်ခြင်းမရှိဘဲ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ သီးခြားအပ်နှံလာသည့်မြေများအား သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်လျက်ရှိပါကြောင်း၊ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များမှ (၈၇၅၉၆ ဒသမ ဝ၈၂)ဧကနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ (၃၉၂၆၅ ဒသမ ၉၀)ဧက စုစုပေါင်းမြေဧရိယာ (၁၂၆၈၆၁ ဒသမ ၉၈၂)ဧကအား ပြန်လည်ပေးအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါမြေများအနက် (၅၈၄၆၉ ဒသမ ၂၈၂)ဧကအား သက်ဆိုင်သူများသို့ပြန်လည်ပေးအပ်နိ်ုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စုံစမ်းရေးကော်မရှင်မှ ထပ်မံပေးပို့လာသော အမှုတွဲများတွင် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အမွေဆက်ခံခြင်း စသည့်ကာယကံရှင်အချင်းချင်းသာ ဖြေရှင်းရမည့် တစ်သီးပုဂ္ဂလမြေယာ အငြင်းပွားမှုများပါရှိနေပါကြောင်း၊ အဆိုပါ အမှုများကို သက်ဆိုင်ရာကာယကံရှင်များက ဆိုင်ရာတရားရုံးများတွင် တည်ဆဲဥပဒေများနှင့်အညီ ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ စိစစ်ပြီးမြေကိစ္စများတွင် တင်ပြချက်များမှန်ကန်ပါက မူလလုပ်ပိုင်ခွင့်ရသူများထံသို့ ပြန်လည်ပေးအပ်လျက်ရှိပါကြောင်း၊ ပြန်လည်စွန့်လွှတ်မြေများကို ရယူလိုသည့် သက်ဆိုင်သူများအနေဖြင့် မိမိတို့ရယူလိုကြောင်း တင်ပြထားသည့် မြေများပါဝင်ခြင်းရှိ၊ မရှိကို သက်ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံးများတွင် စုံစမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၀ဝ သန်းနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၃၆ သန်းချေးယူရန်ကိစ္စတို့နှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းတို့က လွှတ်တော်သို့ ထပ်မံရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက်ကိုရယူသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းတင်ပြရာတွင် စီမံကိန်းကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာသန်း(၁၀ဝ) ခန့်မှန်းထားပြီး အဆိုပါချေးငွေကို ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ကာလရှည်ချေးငွေအဖြစ် ထုတ်ချေးမည်ဖြစ်ပြီး ဝန်ဆောင်ခ(ဝ ဒသမ ၇၅) ရာခိုင်နှုန်း ရယူမည်ဖြစ်ပါကြောင်း၊ စီမံကိန်းသက်တမ်းမှာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ၂၀၂၀-၂၀၂၁ နှစ်ထိဖြစ်ပြီး ချေးငွေပြန်ဆပ်ရန် ဆိုင်းငံ့ကာလ (၆)နှစ် ဖြစ်ပါကြောင်းနှင့် ချေးငွေပြန်ဆပ်ရမည့်ကာလ (၃၂)နှစ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ ချေးငွေ၊ နည်းပညာအကူအညီများဖြင့် ဆောင်ရွက်မည်ဆိုပါက စားနပ်ရိက္ခာဖူလုံရေးကို များစွာအထောက်အကူဖြစ်စေမည့်အပြင် တောင်သူလယ်သမားများ၏ ဝင်ငွေလည်းတိုးမြင့်လာမည်ဖြစ်ရာ ယခုရယူမည့်ချေးငွေ အမေရိကန်ဒေါ်လာသန်း(၁၀ဝ)ဖြင့် ဆောင်ရွက်မည့်စီမံကိန်းသည် စိုက်ပျိုးထုတ်လုပ်မှုကို တိုက်ရိုက်အထောက်အကူပြုစေမည့် စီမံကိန်းဖြစ်သည့် အတွက် သိသာသော ပြန်ရချက် (Returns) များကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆည်မြောင်း စီမံကိန်း(၄)ခုတွင် ဆင်သေရေသောက်စနစ်၊ ဆွာချောင်းရေသောက်စနစ်၊ မာလဲနတ်တောင်ရေသောက်စနစ်၊ မြောက်ယမားရေသောက်စနစ်တို့ကို ရွေးချယ်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူများ၏ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် နမူနာပြဘက်စုံလယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် အဆင့်နှစ်ဆင့်ရှိပါကြောင်း၊ မြန်မာ့စိုက်ပျိုးရေကဏ္ဍရှင်သန် နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်းနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းပြည်နယ်များ(ရှမ်း၊ ကရင်) စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ခေတ်မီအဆင့်မြင့်လယ်ယာမြေများ ထွက်ပေါ်လာပြီး ပြည်နယ်အတွင်း စံပြနမူနာအဖြစ် ရှေ့ဆောင်လမ်းပြပေးနိုင်မည် ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာ နိုင်မည့်အပြင် မိုးကြိုနှင့် မိုးနှောင်းကာလတွင် ဝင်ငွေကောင်းသည့် သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုး နိုင်မည်ဖြစ်ပါကြောင်း၊ သီးနှံနှင့် သစ်တောရောနှောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသခံများ ဝင်ငွေတိုးလာမည်ဖြစ်ပါကြောင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပြီး ရေလွှမ်းမိုးမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရရှိရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ချေးငွေများအား ခွင့်ပြုပေးနိုင်ရန် တင်ပြအပ်ပါ ကြောင်းဖြင့် ရှင်းလင်းသည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်း ကြေညာလိုက်သည်။

Related Posts: