ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ သြဂုတ် ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ  နေပြည်တော်၊ သြဂုတ် ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို အစီအစဉ်(၆)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ် မိုးသည်းထန်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် တိုင်းရင်းသားဒေသခံ ညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရခြင်းအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးက စာနာထောက်ထား ကြေကွဲဝမ်းနည်းပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို သဘာဝဘေးဒဏ်သင့်ဒေသခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသို့ ကူညီထောက်ပံ့လှူဒါန်းပေးနိုင်ပါရန် အဆိုကို ဒေါက်တာလှမိုး (အောင်မြေသာစံမဲဆန္ဒနယ်)က တင်သွင်းခဲ့ပါသည်။

အထက်ပါ အဆိုကို ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်(အမရပူရမဲဆန္ဒနယ်)က ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် ဝမ်းနည်းကြောင်းအဆိုအား အတည်ပြုမှတ်တမ်းတင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က မှတ်တမ်းတင်သည်။ အဆိုကို လွှတ်တော်က အတည်ပြု ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစည်းအဝေးခန်းမအတွင်းရှိ ပုဂ္ဂိုလ်များအားလုံးက (၁)မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက်ပြီး မေတ္တာပို့သခဲ့ကြပါသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယက က မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်သင့်ဒေသခံ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းငွေ ၈,၆၄၀,၀၀၀ ကျပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လှူဒါန်းငွေ ၆,၃၆၀,၀၀၀ ကျပ်၊ ပေါင်း ကျပ် သိန်း ၁၅၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းငွေ ၄,၄၈၀,၀၀၀ ကျပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လှူဒါန်းငွေ ၃,၀၂၀,၀၀၀ ကျပ်၊ ပေါင်း လှူဒါန်းငွေ ကျပ် ၇၅ သိန်း ဖြစ်၍ သဘာဝ ဘေးဒဏ်သင့် ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းငွေ ကျပ် ၂၂၅ သိန်း ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၂၄)ဦးတို့က ဆက်လက်ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၃:၂၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: