ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ နေပြည်တော်၊ သြဂုတ် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ   နေပြည်တော်၊ သြဂုတ် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို အစီအစဉ်(၁၂)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ကျပ်၂၄၅၈၁.၉၀၀ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ က ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းပြီးနောက် အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြေသိမ်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်(မကွေးတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်-၄) က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီးနောက် အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၈-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၂/၂၀၁၉)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်နီနီဒွန်း(ပေါက်ခေါင်းမဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၈-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့အထိ)လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၁၉)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို (၁၃:၀၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: