မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၁၉) ကျင်းပ နေပြည်တော်၊ ဇူလိုင် ၅

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၁၉) ကျင်းပ  နေပြည်တော်၊ ဇူလိုင် ၅

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့်ကာလတွင် ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၏ လွှတ်တော်ဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရ အသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာဥပဒေ (မူကြမ်း) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြံပြုပေးပို့ထားပါကြောင်း၊ ယင်းဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပြင်ဆင်နိုင်ရေး ကိုလည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်မှုနှင့်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံများ၏ အဓိကပြယုဒ်မှာ လွှတ်တော်များဖြစ်ပြီး မိမိတို့လွှတ်တော်များ ခိုင်မာအားကောင်းရန် ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကြုံတွေ့နေရသည့် လွှတ်တော်လုပ်ငန်းဆိုင်ရာ အခြေအနေ များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လွှတ်တော် အကြီးအမှူးများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှု ပိုမို ရှိသည့်အတွက် မိမိတို့လွှတ်တော်အသီးသီး၏ လုပ်ငန်းများ ပိုမို တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်က အစည်းအဝေး (၆/၂၀၁၈) ဆုံးဖြတ်ချက် များအပါအဝင် လွှတ်တော်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ပြည်ထောင်စုအဆင့်လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် ဂရုပြုဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများ ဖွဲ့စည်းမှုနှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်ပေးသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် လွှတ်တော်အလိုက် ကြုံတွေ့ရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအကြီးအမှူးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: