ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ ဇွန် ၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ ဇွန် ၇

 ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို အစီအစဉ်(၁၃)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၃)က အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ၊ FMO နှင့် ING Bank ထံမှ ယူရို ၂၉.၉၆ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံ ခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ခြင်းစနစ် တည်ထောင်သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့ကပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၃)က အဆိုတင်သွင်း၍ ကိုယ်စားလှယ်ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကို (၁၄:၅၅)နာရီ အချိန်တွင် ပြီးဆုံးကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။

Related Posts: