ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော်၊ မေ ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော်၊ မေ ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ်(၁၄)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအတွက် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ ရှင်းလင်းတင်ပြချက်အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ယင်းဥပဒေမူကြမ်းကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက တစ်ပေါင်းတည်း လေ့လာစိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း အတည်ပြုသည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးဇော်မင်း (စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၆)က ဖတ်ကြားတင်ပြပြီးနောက် အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈.၂၄၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီ၀မျိုးစုံ မျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်းအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလ အထိ ၆ လအမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၄/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၆)ဦး တို့က ဆွေးနွေးသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ဧပြီလ မှ စက်တင်ဘာလ အထိ ၆ လ ဘဏ္ဍာငွေအရအသုံးဆိုင်ရာအစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၆/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦး တို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၄:၄၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: