ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် ၊ မတ် ၁၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် ၊ မတ် ၁၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို အစီအစဉ်(၁၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သည့်ပုဂ္ဂိုလ်များက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း(ထန်းတပင်မဲဆန္ဒနယ်)က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်(ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၄)က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၃-၂၀၁၉ ရက်(ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးဇော်မင်း (စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၆)က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံတရားသူကြီးချုပ်များကောင်စီ ပဋိညာဉ်စာတမ်းကို အတည်ပြုနိုင်ရေးနှင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေ ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အဆိုပါချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်း ပြပွဲများ၏ အခွန်ငွေပေးဆောင်မှုအခြေအနေတိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၅/၂၀၁၉)အပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၈)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးတို့က ဆွေးနွေးကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို (၁၆:၀၀)နာရီအချိန်တွင် ရပ်နားလိုက်ပြီး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ် မတ်လ ၁၄ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: