ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ မတ် ၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ မတ် ၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို အစီအစဉ် (၁၆)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုသည့်ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူ ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံတရားသူကြီးချုပ်များကောင်စီ ပဋိညာဉ်စာတမ်းကို အတည်ပြုနိုင်ရေးနှင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၁-၃-၂၀၁၉ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ခရိုင်၊ ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် လောင်းကစားဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃)က အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃)က အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၃)က အဆိုတင်သွင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေပေးဆောင်မှုအခြေအနေတိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၅/၂၀၁၉)ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်မင်း(ဇလွန်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီး အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၁-၃-၂၀၁၉ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍အ မည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်)၊ ဒေါက်တာဦးကြွယ်ကြွယ်(မန္တလေး တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၆)၊ ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)နှင့် ဦးသန်းစိုး(ခေါ်)သန်းစိုး (ဘောဂဗေဒ)(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၄)တို့က ဆွေးနွေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၆)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ( ၁၆:၀၀ )နာရီအချိန်တွင် ရပ်နားလိုက်ပြီး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ် မတ်လ ၁၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Related Posts: