ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

 ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ်(၁၁)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အခြေပြစာချုပ်ငယ်(၂)၏ အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၂/၂၀၁၉)အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အဆိုပါ အစီရင်ခံစာ(၂/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်(ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၆) က အဆိုတင်သွင်းပြီးနောက် လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၃/၂၀၁၉)နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၂၁)ဦးတို့က ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး သတ္တမနေ့ကို (၁၄ : ၄၅) နာရီ အချိန်တွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: