ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို အစီအစဉ်(၂၁)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် အား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ချင်းပြည်နယ်အတွင်းရှိ မြို့နှင့် ကျေးရွာအုပ်စု ပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လပေါင်း ၃၀ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာသန်းဝင်း(မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁)က ဖတ်ကြားတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ (၆)လတာကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး တို့က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်းနည်းဥပဒေများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း(ထန်းတပင် မဲဆန္ဒနယ်)က အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကို လက်ခံကျင့်သုံးခြင်း ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဒေါက်တာတင်တင်ဝင်း (ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၅)၊ ဦးတင်ထွန်းနိုင်(ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်)နှင့် ဦးရဲလွင်(အလုံမဲဆန္ဒနယ်)တို့က ဆွေးနွေးပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းအစီအစဉ်ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Memorandum of Association (MoA) on the Establishment of BIMSTEC Technology Transfer Facility ကို လက်မှတ် ရေးထိုးရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဒေါက်တာသန်းဝင်း (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၁)၊ ဦးဘိုဘိုဦး(စမ်းချောင်းမဲဆန္ဒနယ်)နှင့် ဦးစောထွန်းမြအောင် (ဖာပွန်မဲဆန္ဒနယ်) တို့က ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည် ရှင်းလင်းဆွေးနွေးပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၁၈)အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် အဆိုပါ အစီရင်ခံစာ(၁၀/၂၀၁၈)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်း(တောင်ငူမဲဆန္ဒနယ်) က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁၃/၂၀၁၈)အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် အဆိုပါအစီရင်ခံစာ(၁၃/၂၀၁၈)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်(ပဲခူးတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်-၃)က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၈)တို့နှင့်စပ်လျဉ်း၍ ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်)၊ ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)၊ ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်)၊ ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်)နှင့် ဒေါ်ဝင့်ဝါထွန်း(ရှားတော မဲဆန္ဒနယ်) တို့က ဆွေးနွေးပြီးနောက် အဆိုပါ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၁၄/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အဆိုပါ အစီရင်ခံစာ(၁၄/၂၀၁၈)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ချိုချိုဝင်း(မော်လိုက်မဲဆန္ဒနယ်) က အဆိုတင်သွင်း ပြီးနောက် လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကာလဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစီအစဉ် (၁၅:၀၅)နာရီ အချိန်တွင် ပြီးဆုံးကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။

Related Posts: