မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး(၆/၂၀၁၈) ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၄

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး(၆/၂၀၁၈) ကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၄

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး (၆/၂၀၁၈) ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် UNDP မှကြီးမှူးပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအတွက် ခေါင်းဆောင်မှုဆိုင်ရာစတုတ္ထအကြိမ်ဆွေးနွေးပွဲ ကာလအတွင်း လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးရန်အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အစည်းအဝေးကို ဆက်စပ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေ (မူကြမ်း)အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၏ ပေးပို့လာသည့် အကြံပြုချက်များထဲမှ ကောင်းမွန်သင့်တော်သည့် အချက်များကို ထပ်မံဖြည့်စွက်ပြီး ယခု နောက်ဆုံး(မူကြမ်း)ကို ရေးဆွဲပြုစုထားပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများမှ ဆွေးနွေးအတည်ပြုနိုင်ရန် ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်ပြီးပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော်ရုံးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ရုံးများသို့ ICT ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖြည့်ဆည်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရာတွင် လွှတ်တော်များသည် ကဏ္ဍအလျောက် မှန်ကန်စွာ သုံးသပ်ပြီး နယ်မြေဒေသနှင့် ပြည်သူများ၏အကျိုးအတွက် အချင်းချင်းအပြန်အလှန်လေးစားမှုဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ပိုင်ခွင့် နှင့် ဆောင်ရွက်ရမည့် တာဝန်များကို သတ်မှတ်ထားပြီးဖြစ်၍ အခြားမဏ္ဍိုင်များကို ဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုးမဖြစ်ရန် အရေးကြီးပါကြောင်း၊ မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းသည့် ပုံစံမျိုးဖြစ်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အခက်အခဲနှင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်က အစည်းအဝေး (၅/၂၀၁၈) ဆုံးဖြတ်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာဥပဒေ(မူကြမ်း)တင်ပြခြင်းနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် လွှတ်တော်အလိုက် ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေးကြသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်နှင့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

Related Posts: