ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁

ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ   နေပြည်တော်၊ နိုဝင်ဘာ ၁

လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၁၈)ကို ယနေ့မွန်းလွဲ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က လွှတ်တော်အစည်းအဝေးများကို ယခုလ ၁၂ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၁၀ ရက်ထက် မစော၊ ၁၁ ရက် ထက်နောက်မကျစေရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ မကြာမီ ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကြမ်းများဆွေးနွေးအတည်ပြုခြင်းနှင့် အခြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင်၂၀၁၈-၂၀၁၉ခုနှစ်အတွက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မည့် ကာလသတ်မှတ်လျာထားချက်ကိုလည်း ထုတ်ပြန်ရန်စီစဉ်ထားပါကြောင်း၊ လွှတ်တော် အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကိုလည်း လက်တွေ့ အခြေအနေနှင့် ညီညွတ်စေရန် ပြင်ဆင်ဖွဲ့စည်းရန်ရှိကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကြောင့် လွှတ်တော်အစည်းအဝေး များကို အောင်မြင်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများက သက်ဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပြီး ဆွေးနွေး ဆောင်ရွက်ပါက ယခင်လွှတ်တော်အစည်းအဝေးများကဲ့သို့ အောင်မြင်စွာကျင်းပနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအသီးသီးမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးတင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: