ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၈) ကျင်းပ နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၈) ကျင်းပ   နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နေ့လယ် ၁၅၀၀ နာရီတွင် လွှတ်တော်ဝင်းဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးရေးရန်ပုံငွေ လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ၅ နှစ်ကျော် ၆ နှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ စတင်ဆောင်ရွက်စဉ်ကပင် နိုင်ငံတော်၏ စီမံကိန်း ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းများတွင် မပါဝင်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းငယ်များကို ဆောင်ရွက်ရန် မူချမှတ်ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ အကျိုးကို ဖော်ဆောင်နိုင်သော လုပ်ငန်းများကိုနယ်မြေအတွင်း မျှတရွေးချယ် ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်အောင် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အခက်အခဲများရှိပါက နည်းလမ်းရှာဖွေဖြေရှင်းနိုင်ရန်အတွက် ပွင့်လင်းစွာ တင်ပြစေလိုပါကြောင်း ပြောကြားပါသည်။

ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းထားချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆောင်ရွက်သင့်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေး ခွင့်ပြုမိန့် ထုတ်ပြန်စဉ်ကပင် လိုအပ်သော ညွှန်ကြားချက်များ ရှင်းလင်းတိကျစွာသတ်မှတ်၍ ခွင့်ပြုသင့်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းကော်မတီဝင်များက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအရ အားသာချက်/ အားနည်းချက်များ၊ လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ အပါအဝင် ဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

ဖွံ့ဖြိုးရေးဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို(၁၆၃၀)တွင် ရုပ်သိမ်း ခဲ့ပါသည်။


Related Posts: