ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော်၊ သြဂုတ် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော်၊ သြဂုတ် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်)နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်း (ထန်းတပင်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီးနောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၈-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ (၁၆၀၀နာရီ) နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအမှတ်စဉ်(၆/၂၀၁၈)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း (ဇလွန်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၈-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ (၁၆၀၀နာရီ) နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို ၃၀ သန်း ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦးအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၂:၃၅)နာရီအချိန်တွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: