ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ နေပြည်တော် သြဂုတ် ၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ   နေပြည်တော် သြဂုတ် ၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့အတွင်းရှိ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်း နှင့် ဧရိယာပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ တရားသူကြီး ဦးသာဌေး တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်းသို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၉)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၂:၅၅)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Related Posts: