Fiscal Reporting နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ဇွန် ၂၃

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ဘဏ္ဍာရေးဆိုင်ရာဌာန (FAD) နှင့် ထိုင်းနိုင်ငံမှ နည်းပညာဆိုင်ရာပံ့ပိုးကူညီ ပေးရေးရုံးတို့ပူးပေါင်း၍ "Fiscal Reporting" နှင့်စပ်လျဉ်းသည့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်(စနေနေ့)၊ နံနက် ၀၉၃၀ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၊ Learning Centre Room(3) ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မင်း၊ IMF ၏ ထိုင်းနိုင်ငံမှ နည်းပညာဆိုင်ရာပံ့ပိုးကူညီပေးရေးရုံး ညွှန်ကြားရေးမှူး Mr. David Cowen တို့က အဖွင့်အမှာစကားများပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ ရှေ့အလားအလာနှင့် အဓိကကျသော စီးပွားရေးမူဝါဒ ဆိုင်ရာကိစ္စရပ်များ၊ GFSM 2014 အပေါ် ခွဲခြမ်းစိတ်ဖြာခြင်း၊ အခွန်နှင့်ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံမှု ခေတ်မီတိုးတက်စေခြင်း၊ IMF မှ မြန်မာနိုင်ငံအပေါ် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအထောက်အပံ့၏ အဓိကသော့ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်များ၊ IMF ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasuhisa Ojima, စာရင်းအင်းဌာန (STA) မှ စီးပွားရေး ပညာရှင် Mr. Tobias Wickens၊ အရှေ့တောင်အာရှဒေသတွင်း ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးအကြံပေး ပုဂ္ဂိုလ် Mr. Holger Michiel van Eden၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏အကြံပေးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးများမှသက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၁၆၃၀ နာရီ တွင် ရုပ်သိမ်းသည်။