ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော် ဇွန် ၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော် ဇွန် ၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် (၁၅)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဦးစိုးဝင်း က ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိ သစ္စာပြုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြားတင်ပြပြီးနောက် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၈-၆-၂၀၁၈ ရက် (သောကြာနေ့) မွန်းလွဲ ၁ နာရီ (၁၃၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်နွယ်နွယ်အောင်(မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၂) က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၇-၆-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ကျိန်ငိုက်မန်(ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၇) က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၇-၆-၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဦးကျော်နိုင် (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁၂)က ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က အဆိုတင်သွင်းပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

၃၁-၃-၂၀၁၇ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဌာန၊ အဖွဲ့အစည်းများ၏ ရှင်းလင်းတင်ပြခဲ့ခြင်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၇)ဦး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၂:၃၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: