ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ နေပြည်တော် မေ ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ   နေပြည်တော် မေ ၁၄


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို အစီအစဉ် (၁၉) ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးခြင်း အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ခြင်းနှင့်စပ်လျဉ်းသည့် သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ငြိမ်းချမ်းရေးနှင့် အလိုက်သင့်တွန်းလှန် လွန်မြောက်နိုင်စွမ်းရှိမှုတို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက်အမှတ်(၂၀၅)ကို မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ဇီ၀မျိုးစုံ မျိုးကွဲနှင့် သဘာ၀ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း(ထန်းတပင်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီးနောက် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Framework Agreement of International Solar Alliance တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၅-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (၁၆၀၀ နာရီ) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲဖွဲ့စည်းခြင်း နှင့် ပယ်ဖျက်ခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၅:၄၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။


Related Posts: