ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏အဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော် မေ ၉

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏အဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော် မေ ၉

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ အဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၈ခုနှစ်၊ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟို ကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခုကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ အဋ္ဌမပုံမှန် အစည်းအဝေးတွင် ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကြမ်းကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အတည်ပြုရန်ကျန်ရှိသည့် ဥပဒေများ ကိုလည်း ဆက်လက်ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပုံမှန်အစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပပြုလုပ်မည့် အဋ္ဌမပုံမှန် အစည်းအဝေးကိုလည်း အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီ နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် နေရာများကို သွားရောက်စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက် များကို ညှိနှိုင်းပေးခဲ့ပါကြောင်း၊ လွှတ်တော်အစည်းအဝေးတက်ရောက်ရန် လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့်နေရာများသို့ မရောက်ရှိမီ ကျန်းမာရေးဆေးပေးခန်း များကို ကြိုတင်ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ဌာန အဖွဲ့အစည်း အသီးသီးမှပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအသီးသီးမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနများကို ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

Related Posts: