မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၂/၂၀၁၈) ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union)   အစည်းအဝေး (၂/၂၀၁၈) ကျင်းပ   နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) အစည်းအဝေး (၂/၂၀၁၈) ကို ယနေ့မွန်းလွဲ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများဖွဲ့စည်းမှုကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းဥပဒေပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း၊ အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်ဥပဒေများရှိကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းသည် လုပ်ငန်း များကို တိတိကျကျ ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များအကြား ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များ အချင်းချင်း ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ညှိနှိုင်းဆုံးဖြတ်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော်အဖွဲ့သို့ ပြန်လည်အစီရင်ခံရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် လွှတ်တော်ခိုင်မာဖို့ လိုအပ်ပါကြောင်း၊ လွှတ်တော်သည် ပြည်သူများက ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ အခြေခံအုတ်မြစ် သည် လွှတ်တော်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေ၏ ရည်ရွယ်ချက်မှာ လွှတ်တော် အသီးသီး၏ ဆောင်ရွက်မှုများ နည်းလမ်းမှန်ကန်ခိုင်မာပြီး အရည်အသွေး ကောင်းမွန်တိုးတက် မြင့်မားရေးအတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ ပါဝင်ပါက အင်အားခိုင်မာတောင့်တင်း လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာထားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အစည်းအဝေး (၁/၂၀၁၈) ဆုံးဖြတ်ချက်များ အပါအဝင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေရေးဆွဲပြဋ္ဌာန်းရခြင်းအကြောင်းကို ရှင်းလင်းတင် ပြသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ မှ တင်သွင်းခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများ၏ လက်ရှိဖွဲ့စည်းထားရှိမှု အခြေအနေ နှင့် လွှတ်တော်ရုံး ဝန်ထမ်းရေးရာကိစ္စများကို ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် လွှတ်တော်အလိုက် ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ကြပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၁၂ ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦးနှင့် လွှတ်တော်ရုံးအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပါသည်။

Related Posts: