ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ နေပြည်တော် နိုဝင်ဘာ ၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ   နေပြည်တော် နိုဝင်ဘာ ၇

  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အစီအစဉ် (၁၂)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၁၂) ဦး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃) ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၁၅) ဦးတို့က ဆွေးနွေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်အား ၉-၁၁-၂၀၁၇ ရက်နေ့ (ကြာသပတေးနေ့) တွင်လည်းကောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံး အတည်ပြုခြင်း အစီအစဉ်အား ၁၀-၁၁-၂၀၁၇ ရက်နေ့ (သောကြာနေ့)တွင် လည်းကောင်း ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံမြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆထိခိုက်မှုစုံစမ်း စစ်ဆေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လေယာဉ်မှူးလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အာဆီယံ၏ အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး၍ လက်ခံအတည်ပြုကြောင်း အကြောင်းကြားနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုတိယ ၆ လ တာကာလ အတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ) နှင့်စပ်လျဉ်း၍ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာညီလှငယ် က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၉-၁၁-၂၀၁၇ ရက် (ကြာသပတေးနေ့) ၁၃၀၀ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၉-၁၁-၂၀၁၇ ရက် (ကြာသပတေးနေ့) ၁၃၀၀ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၁၂:၄၃ နာရီတွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာသည်။

Related Posts: