ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၃၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ   နေပြည်တော်၊ အောက်တိုဘာ ၃၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို အစီအစဉ် (၁၄) ခုဖြင့် ကျင်းပသည်။

 ရှေးဦးစွာ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ဧရိယာပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

 အစည်းအဝေးတွင်၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေး ဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာများကို ဥပဒေကြမ်းပူးပေါင်းကော်မတီ ကိုယ်စား၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်- ၃)နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ကိုယ်စား၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးအောင်မင်း(ဇလွန်မဲဆန္ဒနယ်)တို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

အထက်ပါ ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၄-၁၁-၂၀၁၇ရက် (စနေနေ့) ၁၆၀၀ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ ထို့နောက်နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲ ပြင်ဆင်သတ်မှတ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်သည်။နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြစ်မှုဆိုင်ရာကိစ္စရပ်များ၌ ဥပဒေပိုင်း အပြန်အလှန်အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးပါဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုသည်။ 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအာဏာပိုင် အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်းအုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၄-၁၁-၂၀၁၇ရက် (စနေနေ့) ၁၆၀၀ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။ 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လေယာဉ်မှူးလိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ အာဆီယံ၏ အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုး၍ လက်ခံအတည်ပြုကြောင်း အကြောင်းကြားနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၄-၁၁-၂၀၁၇ ရက် (စနေနေ့) ၁၆၀၀ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၁၁:၅၅ နာရီတွင် ရပ်နားလိုက်ပြီး ပဉ္စမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်(အင်္ဂါနေ့)၊ နံနက် ၁၀၀၀ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာသည်။


Related Posts: