လွှတ်တော်စာကြည့်တိုက်နောက်ခံသမိုင်း

လွှတ်တော်စာကြည့်တိုက်သည် ၁၉၇၄ ခုနှစ်၊ မတ်လတွင် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်မြို့၌ စတင်တည်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၀)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ရုံးအမှတ်(၂၀)မှ ယခုစာကြည့်တိုက်တည်ရှိရာ လွှတ်တော်ဝင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လွှတ်တော်စာကြည့်တိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ လွှတ်တော်စာကြည့်တိုက်၊ မော်ကွန်း၊ e-Library အပါအဝင် ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ စာကြည့်တိုက်ပညာရှင်များ (ပြည်တွင်း) ဖိတ်ခေါ်ဆွေးနွေးခြင်းများ ပြုလုပ်၍ လွှတ်တော်စာကြည့်တိုက်ကို စတင်၍ ပြန်လည် ထူထောင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် IFLA (The International Federation of Library Associations and Institutions) အသင်းသို့ အသင်းဝင်အမှတ် - MM1002 ဖြင့် အသင်းဝင်ရောက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကိုရီးယားအမျိုးသားလွှတ်တော်စာကြည့်တိုက် (NAL) (The National Assembly Library of Republic of Korea) နှင့် စာအုပ်လဲလှယ်ခြင်း (Book Exchange) ကိစ္စများ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၁ ခုနှစ်၊ လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပခဲ့သည့် ကာလအတွင်း မှ ယနေ့ထိ လွှတ်တော်စာကြည့်တိုက်တွင် စာအုပ်၊ စာတမ်းများ ထပ်မံဖြည့်ဆည်းခြင်း၊ စာကြည့်တိုက် ပညာရှင် ဝန်ထမ်းများထပ်မံခန့်အပ်ခြင်း၊ ကွန်ပျူတာနှင့်စပ်ဆက်ပစ္စည်းများ၊ စာကြည့်တိုက် ပရိဘောဂများ ထပ်မံဖြည့်ဆည်းခြင်း၊ e-Library တွင် e-books များ စုဆောင်းထိန်းသိမ်းခြင်း၊ Calibre Software ဖြင့် ဝန်ဆောင်မှုကဏ္ဍတိုးမြှင့်ခြင်း၊ ၂၀၁၆ ခုနှစ်တွင် e-resource Center ဖွင့်လှစ်၍ လွှတ်တော် ကိုယ်စားလှယ်များအား ဝန်ဆောင်မှုပေးနိုင်ရန်ကိစ္စရပ်များ ဆောင်ရွက်၍ ဌာနဆိုင်ရာ အကြီးအမှူးများ၏ လမ်းညွှန်ချက်များနှင့်အညီ လွှတ်တော်စာကြည့်တိုက် ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား ထိရောက်စွာ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။


ရည်ရွယ်ချက်

  • လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ လွှတ်တော်လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန်၊
  • ဥပဒေပြုရေးလုပ်ငန်းစဉ်များ အထောက်အကူဖြစ်စေရန်အတွက် အ‌ထောက်အထားများ စုဆောင်းရန်၊
  • လွှတ်တော်ရုံးဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
  • Digital Library အဖြစ်အဆင့်မြှင့်ဆောင်ရွက်ရန်။


တည်နေရာ

လွှတ်တော်စာကြည့်တိုက်သည် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင် ပထမထပ်၌ ဖွင့်လှစ် ထားရှိပါသည်။


ဆက်သွယ်ရန်

ပထမထပ်၊ ဇမ္ဗူသီရိဆောင်၊ လွှတ်တော်ဝန်း၊ နေပြည်တော်။
ဖုန်း -  ၀၆၇- ၅၉၁၂၉၇၊ ၀၆၇-၅၉၁၁၈၄၊ ၀၆၇-၆၉၅၅၄