AIPA (ASEAN Inter-Parliamentary Assembly)


AIPA သည် ဒေသဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၁၉၇၇ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပသော တတိယအကြိမ် အာဆီယံပါလီမန် အစည်းအဝေးတွင် အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံရှိ ပါလီမန်ကိုယ်စားလှယ်အဖွဲ့များဖြင့် အရှေ့တောင်အာရှ ပါလီမန်များဆိုင်ရာအဖွဲ့ (AIPO) အဖြစ်စတင်မွေးဖွား ပေါ်ပေါက်လာခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်တွင် လာအို၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီယားနှင့် ၂၀၀၉ ခုနှစ်တွင် ဘရူနိုင်း စသည့် နိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံများ အဖြစ်လက်ခံခဲ့ပါသည်။၂၀၀၆ ခုနှစ် တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ (၂၇) ကြိမ်မြောက် AIPOအစည်းအဝေးကို ကျင်းပခဲ့ပြီး အာဆီယံပါလီမန်များအဖွဲ့အစည်းကို ပိုမိုထိရောက်ပြီးနည်းကပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် AIPO ကို AIPA ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။AIPA တွင် အဖွဲ့ဝင် ပါလီမန် (၁၀) နိုင်ငံရှိပြီး အမြဲတမ်းလေ့လာသူ အဖွဲ့ဝင် ပါလီမန်(၁၂) နိုင်ငံ ရှိပါသည်။


Facebook Link: AIPA Facebook


AIPA အဖွဲ့ဝင်ပါလီမန်များ


    (၁) ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်

    (၂) လာအိုအမျိုးသားလွှတ်တော်

    (၃) ထိုင်းဘုရင့်နိုင်ငံ အမျိုးသားလွှတ်တော်

    (၄) ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အမျိုးသားလွှတ်တော်

    (၅) မလေးရှားနိုင်ငံ ဒီဝန်နီဂရာနှင့် ဒီဝန်ရာကျတ်လွှတ်တော်

    (၆) စင်ကာပူနိုင်ငံ ပါလီမန်

    (၇) ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဉပဒေပြုကောင်စီ

    (၈) ဖိလစ်ပိုင်နိုင်ငံ ကွန်ဂရက်လွှတ်တော်

    (၉) အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလွှတ်တော်

    (၁၀) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်

AIPA လေ့လာသူအဖွဲ့ဝင်ပါလီမန်များ


    (၁) ကနေဒါပါလီမန်

    (၂) ဉရောပပါလီမန်

    (၃) ဘီလာရုစ်အမျိုးသားလွှတ်တော်

    (၄) အိန္ဒိယပါလီမန်

    (၅) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်

    (၆) ဂျပန်အမျိုးသား ဉပဒေပြုလွှတ်တော် (ဒိုင်းယက်လွှတ်တော်)

    (၇) ပါပူဝါနယူးဂီနီ အမျိုးသားလွှတ်တော်

    (၈) ဩစတြေးလျပါလီမန်

    (၉) နယူးဇီလန်ပါလီမန်

    (၁၀) ရုရှားဖက်ဒရယ် အမျိုးသားလွှတ်တော်

    (၁၁) ကိုရီးယား အမျိုးသားလွှတ်တော်

    (၁၂) တီမောအမျိုးသားလွှတ်တော်

AIPA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းများ

  • အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)
  • နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)
  • ဂျာမန်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)
  • Hanns Seidel Foundation
  • FREELAND







































ဦးတည်ချက်များနှင့် ရည်မှန်းချက်များ

     အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ဦးတည်ချက်များနှင့် ရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

၁။ အာဆီယံအဖွဲ့ဝင်ပါလီမန်များ အချင်းချင်း၊ အခြားသော ပါလီမန်များနှင့် ပါလီမန်ဆိုင်ရာ အဖွဲ့အစည်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးစွာ ဆက်ဆံမှုကို တိုးမြှင့်ရန်၊

၂။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ကြေညာချက်တွင်ပါဝင်သည့် အာဆီယံရည်မှန်းချက်များ ပြည့်မြောက်ရေး နှင့် အာဆီယံ လုံခြုံရေး အသိုက်အဝန်း (ASC) ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) နှင့် အာဆီယံ လူမှုရေး နှင့် ယဉ်ကျေးမှုအသိုက်အဝန်း (ASCC) ဟူသော မဏ္ဍိုင်သုံးရပ်ကိုအခြေခံထားသည့် အာဆီယံအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာရေးကို ဦးတည်သည့် ၂၀၀၃ ခုနှစ်၊ ဘာလီ သဘောတူညီချက် အမှတ် (၂) ကို အလေးထား စဉ်းစားခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် အာဆီယံ ရည်မှန်းချက် အောင်မြင်ရေး ဆောင်ရွက်ရန်၊

၃။ အာဆီယံပေါင်းစည်းရေးနှင့် အာဆီယံအသိုက်အဝန်း ပေါ်ပေါက်လာရေး အရှိန်မြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒများကို အရှေ့တောင် အာရှဒေသရှိ ပြည်သူများ နားလည်သိရှိလာရေး တို့အတွက် အာဆီယံပါလီမန်များက ပါဝင်ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ဖြန့်ဝေပေးခြင်း၊ ပေါင်းစည်းညှိနှိုင်းခြင်း၊ အပြန်အလှန် ဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းတို့ကို တည်ထောင်ရန် နှင့် ဆက်လက် လုပ်ဆောင်သွားရန်၊

၄။ အများအကျိုးစီးပွားနှင့် သက်ဆိုင်သော ပြဿနာများအပေါ်လေ့လာခြင်း၊ ဆွေးနွေးခြင်းနှင့် ဖြေရှင်းပုံနည်းလမ်းများကို အကြံပေးရန်နှင့် ယင်းကိစ္စရပ်များ ဖြစ်ပေါ်လာခြင်းနှင့်စပ်လျဉ်း၍ AIPA ၏ သုံးသပ်ချက်ကို တင်ပြပြီး AIPA အဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ တုံ့ပြန် ဖြေကြား ပေးရန်။

၅။ AIPA အထွေထွေအတွင်းရေးမှူးရုံးသည် အထွေထွေညီလာခံမှ ဆုံးဖြတ်အတည်ပြု ထားသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရမည်။

၆။ AIPA အထွေထွေအတွင်းရေးမှူးချုပ်ရုံးသည် ဘဏ္ဍာရန်ပုံငွေတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည့် အလှူငွေများ လက်ခံရန် အာဏာရှိသည်။

AIPA ၏ ဖွဲ့စည်းတည်ဆောက်ပုံ

အာဆီယံပါလီမန်များညီလာခံတွင် အထွေထွေအတွင်းရေးမှူးရုံး၊ အထွေထွေညီလာခံ၊ AIPA ဥက္ကဌ၊ အမှုဆောင်ကော်မတီ နှင့် အခြားကော်မတီများ တို့ပါဝင်ပါသည်။

ကော်မတီအစည်းအဝေးများ

အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ ကော်မတီအစည်းအဝေးပေါင်း ၅ ခု ရှိပါသည်။ ယင်းတို့မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး၊ နိုင်ငံရေးရာ ကော်မတီအစည်းအဝေး၊ စီးပွားရေးရာကော်မတီအစည်းအဝေး၊ လူမှုရေးရာကော်မတီ အစည်းအဝေး နှင့် ဖွဲ့စည်းပုံဆိုင်ရာကော်မတီအစည်းအဝေးတို့ဖြစ်ပါသည်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး

AIPA အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA) ကို AIPA အထွေထွေညီလာခံအစည်းအဝေး၌ ၁၉၈၈ ခုနှစ်မှ စတင်၍ ထည့်သွင်းကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံ လက်ခံကျင်းပသည့် အိမ်ရှင်ကိုယ်စားလှယ် အဖွဲ့ဝင်များအနက်မှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ဉီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။

နိုင်ငံရေးရာ ကော်မတီအစည်းအဝေး

နိုင်ငံရေးရာကော်မတီ အစည်းအဝေးသည် AIPA ၏ ကော်မတီအစည်းအဝေးများ အနက်မှ တစ်ခု ဖြစ်ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံ လက်ခံကျင်းပသည့် အိမ်ရှင်ကိုယ်စားလှယ် အဖွဲ့ဝင်များအနက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဉီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။

စီးပွားရေးရာကော်မတီအစည်းအဝေး

စီးပွားရေးရာကော်မတီ အစည်းအဝေးသည် AIPA ၏ ကော်မတီအစည်းအဝေးများ အနက်မှ တစ်ခု ဖြစ်ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံ လက်ခံကျင်းပသည့် အိမ်ရှင်ကိုယ်စားလှယ် အဖွဲ့ဝင်များအနက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဉီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။

လူမှုရေးရာကော်မတီ အစည်းအဝေး

လူမှုရေးရာကော်မတီ အစည်းအဝေးသည် AIPA ၏ ကော်မတီအစည်းအဝေးများ အနက်မှ တစ်ခု ဖြစ်ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံ လက်ခံကျင်းပသည့် အိမ်ရှင်ကိုယ်စားလှယ် အဖွဲ့ဝင်များအနက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဉီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။

ဖွဲ့စည်းပုံဆိုင်ရာကော်မတီအစည်းအဝေး

ဖွဲ့စည်းပုံဆိုင်ရာကော်မတီ အစည်းအဝေးသည် AIPA ၏ ကော်မတီ အစည်းအဝေးများ အနက်မှ တစ်ခု ဖြစ်ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံ လက်ခံကျင်းပသည့် အိမ်ရှင်ကိုယ်စားလှယ် အဖွဲ့ဝင်များအနက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဉီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။