၂၀၁၆ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသော မိန့်ခွန်း

၂၀၁၆ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသော မိန့်ခွန်း
လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား

ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတာဟာ အထင်ကရသမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ယခုအစိုးရသစ်အနေဖြင့် အောက်ပါ မူဝါဒများဖြစ်တဲ့-

  • အမျိုးသားရင်ကြားစေ့ရေး
  • ပြည်တွင်းငြိမ်းချမ်းရေး
  • ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့
  • ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူနိုင်သားများ ခင်ဗျား

ဒီနေ့ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံနဲ့သင့်တော်မယ့် ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်အထည်ပေါ်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။

နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုခြင်းဖြစ်ပါတယ်။

နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ