၃၀ - ၁ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

၃၀ - ၁ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    ၂၀၁၇ ခု၊ နှစ်သစ်မှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒီနေ့ဟာဆိုရင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ ပထမနေ့ ဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များ အားလုံးနီးပါး တက်ရောက်ကြပြီး ပြန်လည် တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
     ယနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလမှာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော် အနေနဲ့ ဖွဲ့စည်းပုံ     အ​ခြေခံဥပဒေပါ တာဝန်များနဲ့အညီ နိုင်ငံတော်အတွက်မဖြစ်မနေ ဆောင်ရွက်ပေးရမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ် အတည်ပြုပေးကြရမှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း သတ်မှတ် လျာထားတဲ့ ရက်/အချိန်အလိုက် ဦးစားပေး ဆောင်ရွက်ကြရမယ့် အစည်းအဝေး ကာလ တစ်ရပ်ဖြစ်ပါတယ်။
     ဒါကြောင့် ကိုယ်စားလှယ်များအနေနဲ့ ယခင်ပုံမှန်အစည်းအဝေး ကာလများထက် ပိုမိုများပြားတဲ့ အလုပ်တာဝန်များနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတာဝန်များကို အချိန်မီနဲ့အောင်မြင်စွာပြီးမြောက်နိုင်ဖို့ဆိုရင် အလုပ်ရဲ့ အရေးကြီးမှုအပေါ်မူတည်ပြီး အချိန်ကို အကျိုးရှိသထက်ရှိအောင် စနစ်တကျစီမံ အသုံးပြုနိုင်ဖို့နဲ့ အားလုံးကလည်း သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်းပြောကြားလိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    ယခု ပုံမှန်အစည်းအဝေးကာလမှာ ဆောင်ရွက်ကြရမယ့် အဆိုပါ လုပ်ငန်း တာဝန်များဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား သက်ဆိုင်တဲ့ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူလူထု ကိုယ်စားလှယ်များက သေသေချာချာညှိနှိုင်းဆွေးနွေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆွေနွေးညှိနှိုင်းမှုနဲ့ ဖြစ်ပေါ်လာတဲ့ အခွန်အကောက်ဆိုင်ရာဥပဒေနဲ့ လိုက်လျောညီထွေမှု ရှိတဲ့ အမျိုးသားစီမံကိန်းဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေများ ပေါ်ထွက်လာရေးကို အချိတ်အဆက်မိမိနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးက စေတနာမှန်၊ လုပ်နည်း လုပ်ဟန်မှန်ကန်စွာဖြင့် အားထုတ်ကြိုးပမ်းလုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။
      အထက်ပါ ဥပဒေကြမ်းများနဲ့စပ်လျဉ်းပြီး ဥပဒေဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာနဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာများ တင်သွင်းကြရာမှာ အထောက်အကူပြု နိုင်ဖို့အတွက် “၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းများ၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်း များနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့” ကိုလည်း ယခင်ဖွဲ့စည်းမှုကို အခြေခံပြီး အဖွဲ့ (၁၇ )ဖွဲ့ ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-   
     ပြည်သူများကိုယ်စား ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ဆောင်ရွက်နေတဲ့ လုပ်ငန်း စီမံကိန်းတွေ အမြန်အကောင်အထည်ဖော်ဖို့၊ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပြည်သူများ လက်ငင်းနဲ့ ရေရှည်ခံစားရဖို့အတွက် ရည်မှန်းချက်ထားပြီး အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လေ့လာစိစစ်ကြရမှာဖြစ်ပါတယ်။  နိုင်ငံတော်ရဲ့ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက်လာဖို့အတွက် လွှတ်တော်ကို တင်ပြလာတဲ့ စီမံကိန်းများဟာ ပြည်သူအများစုကို ဗဟိုပြုရဲ့လားဆိုတာကိုလည်း ဝိုင်းဝန်းစဉ်းစားအဖြေရှာ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
    နောက်တစ်ပိုင်းကတော့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာတဲ့ အမျိုးသား စီမံကိန်းဥပဒေကြမ်းကိုလွှတ်တော်က ဆွေးနွေးအတည်ပြုပြီးတဲ့အခါ အဆိုပါ စီမံကိန်းဥပဒေနဲ့ ယခုနှစ်အတွက် အခွန်အခကောက်ခံမှု နှုန်းထားသတ်မှတ်ချက်များနှင့်အညီ ရေးဆွဲထားတဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လက်တွေ့ဆောင်ရွက်မယ့် စီမံကိန်း ဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိကို ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
      ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းဟာ အခွန်အကောက် ဆိုင်ရာဥပဒေအရ ရရှိမည့်အခွန်အခများအပါအဝင် ဝင်ငွေအရပ်ရပ်နဲ့ အမျိုးသား စီမံကိန်းဥပဒေအရ ဘယ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဘက်လောက်သုံးမယ်ဆိုတာတွေကို ကိန်းဂဏန်းများနဲ့ ပြန်လည် ရေးသားခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် Budget ဥပဒေကြမ်းဟာ အမျိုးသားစီမံကိန်းဥပဒေ နဲ့ကိုက်ညီမှု ရှိ၊ မရှိ၊ ပြည်သူ များ၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိတို့ကို ပြည်ထောင်စုလွှတ်တော်က အဓိကထား စိစစ်ပေးရမှာဖြစ်သလို နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ကျေနပ်ဖွယ်ရာဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားမှာရှိရဲ့လား ဆိုတာ အလေးထားစဉ်းစားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    လာမယ့်ဘဏ္ဍာရေးနှစ်အတွက် မဖြစ်မနေဆောင်ရွက်ပေးရမယ့်လုပ်ငန်းများအပြင် လွှတ်တော် အသီးသီးမှာ ကျန်ရှိနေတဲ့ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများထဲက ဦးစားပေးပြဋ္ဌာန်းသင့်တဲ့ ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုနိုင်ရေးနဲ့ အစည်းအဝေးကာလအတွင်း ပေါ်ပေါက်လာတဲ့ အခြားအရေးကြီးတဲ့ လွှတ်တော်ဆိုင်ရာ လုပ်ငန်း များကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ဆဲဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များအတွင်း မြို့နယ်များအလိုက် ခွဲဝေသုံးစွဲကြတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရာမှာ လိုက်နာရမယ့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲကြဖို့နဲ့ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
   ယနေ့အချိန်အခါဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူများအပေါ် မှန်ကန်တဲ့ စိတ်ရင်း  စေတနာထားရှိပြီး အမြော်အမြင် ကြီးမားစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှု အရည်အချင်းများကို မှတ်ကျောက်တင်ခံရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ မှန်ကန်တဲ့ စိတ်ကောင်းစေတနာနဲ့ အရည်အချင်းများကို အသုံးပြုပြီး ပြည်ထောင်စုကြီး အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့ နိုင်ငံတော်နဲ့ နိုင်ငံသားများသာမက နိုင်ငံတကာက အလေးထားတဲ့ ဥပဒေပြုလွှတ်တော်အသီးသီး အဖြစ်ရပ်တည်နိုင်စေရေးအတွက်   ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးက သန့်ရှင်းတဲ့ စေတနာ၊ မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်များဖြင့် မိမိတို့ရဲ့ ကိုယ်စီတာဝန် ကျေပွန်မှုများကို ထုတ်ဖော်ပြသနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကြိုဆို နှုတ်ခွန်းဆက်သပါတယ်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ