တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် လွှတ်တော်ရေးရာဆောင် အမှတ်(I-1) အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေး ညှိနှိုင်းကြသည်။

အစည်းအဝေးတွင် အထူးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းက အမှာ စကားပြောကြားရာတွင်  ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်သည့်အသားကို နိုင်ငံသားများ စားသုံးနိုင်ရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်တွင် ဖြစ်ပွားသည့်ရောဂါမှတစ်ဆင့် လူသို့ ကူးစက်ပြန့်ပွားလျက် ရှိသော ယခု အချိန်ကာလတွင် ပိုမိုအရေးကြီးကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သောအသားကို လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါက လူသားတို့အတွက် အာဟာရပြည့်ဝစွာ မရရှိနိုင်သည့်အပြင် ရောဂါဘယများ၊ ကပ်ရောဂါအသွင် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အသားထုတ်လုပ်မှုပိုမို တိုးတက်လာလျှင် ပြည်တွင်းစားသုံးမှု ပိုလျှံသည့်အပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ နိုင်ငံ၏ကုန်သွယ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွက်အခြေအနေပေးပြီး အလားအလာကောင်း များရှိသဖြင့် တိုးတက်အောင်မြင်အောင် လက်တွေ့ဆောင်ရွက်နိုင်မည့်လုပ်ငန်း ဖြစ်၍ ယခုဥပဒေမူကြမ်း ရေးဆွဲရာတွင် ပါဝင်သင့်သည်များပါဝင်အောင် ပွင့်လင်းစွာ အပြုသဘောဖြင့် ဆွေးနွေးဆောင်ရွက်ကြရန် ပြောကြားပါသည်။ ဆက်လက်၍ တက်ရောက်လာသူများက ဥပဒေမူကြမ်းကို အသေးစိတ် ဆွေးနွေးညှိနှိုင်းအတည်ပြုကြပါသည်။

ယခုဥပဒေမူကြမ်းရေးဆွဲရခြင်း၏ရည်ရွယ်ချက်မှာ "တိရစ္ဆာန်ကျန်းမာရေး နှင့် မွေးမြူရေးလုပ်ငန်းများ၊ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အရည်အသွေးပြည့်မီ ကောင်းမွန်သောတိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါးနှင့် တိရစ္ဆာန်သုံးပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ သုတေသနနှင့် ပညာပေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပသို့ တင်ပို့နိုင်စေရန်အတွက် အာဟာရပြည့်ဝ၍ အရည်အသွေး ပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်သည့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန်" ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်ကပြဋ္ဌာန်းသော "တိရစ္ဆာန် ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေ" ကို ရုပ်သိမ်းပြီး ခေတ်နှင့်လျော်ညီသော "တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ" ကို အစားထိုးပြဋ္ဌာန်းရန် ဥပဒေမူကြမ်းကို ညှိနှိုင်းရေးဆွဲခြင်းဖြစ်ပါသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ