ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ မျှဝေခြင်းအစီအစဉ်သို့ တက်ရောက်

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ မျှဝေခြင်းအစီအစဉ်သို့ တက်ရောက်

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်သည့် ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ တက္ကသိုလ်ပညာသင်ဆုရကျောင်းသား ကျောင်းသူများ၏ထည့်ဝင်ငွေများဖြင့် သထုံမြို့နယ်ရှိ ကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းနေကလေးများအတွက် ကျောင်းဝတ်စုံများ မျှဝေခြင်းအခမ်းအနားကို (၆-၈-၂၀၁၇) ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်၌ ကျင်းပသည်။

မျှဝေခြင်းအခမ်းအနားသို့ ရွှေပါရမီဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် အရှင်ဆန္ဒာဓိက၊ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရွှေပါရမီဖောင်ဒေးရှင်းပညာသင်ဆုရ ကျောင်းသားကျောင်းသူများနှင့် သထုံမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရွှေပါရမီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက မျှဝေခြင်းအစီအစဉ် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မျှဝေခြင်းအစီအစဉ်၌ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ ပညာသင်ဆုရ ကျောင်းသားကျောင်းသူများက ၎င်းတို့ရရှိသည့် ထောက်ပံ့ငွေများမှ တစ်လလျှင် ငွေကျပ် ၁၀၀၀ စီ မျှဝေထည့်ဝင်စုဆောင်းကာ အမှန်တကယ်လိုအပ်သည့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့်ပစ္စည်းများကို မျှဝေပေးသည်ဟုသိရပါကြောင်း၊ ယင်းအစီအစဉ်မှာ တာဝန်သိသည့်ပြည်သူများအနေဖြင့် အစိုးရအားကူညီလိုက်သည်ဟု ခံယူမိပါကြောင်း၊ မျှဝေခြင်းဆိုသည်မှာ မိမိစားဝတ်နေရေးအတွက် အသုံးပြုရမည့်ငွေကြေးပစ္စည်းများအား မိမိထက်ချို့တဲ့သူများကို မျှဝေပေးခြင်းဖြစ်သောကြောင့် အလွန်မွန်မြတ်ပါကြောင်းဖြင့် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ယင်းနောက် ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများက သထုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၅ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၅၇၃ ဦးအတွက် ကျောင်းဝတ်စုံ ၅၇၃ စုံ၊ ပုံပြင်စာအုပ် ၆၀၀၊ ဗလာစာအုပ် ဒါဇင် ၁၀၀၊ စက်ဘီး ၁၄၃ စီးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသူများက ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကထံမှ အနုမောဒနာတရားများ နာကြားခဲ့ကြကြောင်း သိရသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ