အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများ ပန္နက်တင် တပ်ဆင်ပွဲ အခမ်းအနား ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများ     ပန္နက်တင် တပ်ဆင်ပွဲ အခမ်းအနား ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် (၁၆.၇.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ ရွှေ့ပြောင်းအလုပ်သမားရုံး၌ ဖွင့်လှစ်ထားသည့် အလုပ်သမားများ ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား နွေးနွေးထွေးထွေးကြိုဆို၍ အားပေးစကား ပြောကြားမှုနှင့်အတူ အလုပ်သမားများအား ပြန်လည်လက်ခံမှု၊ နေရပ် ပြန်လည်ပို့ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နေရပ်ပြန် မြန်မာအလုပ်သမားများအား အားပေးစကားပြောကြားရာတွင် မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်သည့်အတွက် စိုးရိမ်ကြောင့်ကြရန် မလိုတော့ပါကြောင်း၊ မိမိတို့ အခက်အခဲများအား တာဝန်ရှိသူများကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို အသစ်ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာသည့်အခါ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ အလုပ်အကိုင်များပေါ်ပေါက်လာပါက မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စေတနာအရင်းခံဖြင့် လုပ်ကိုင်ပေးကြရန် မေတ္တာရပ်ခံလို ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် နေရပ်ပြန်မြန်မာအလုပ်သမားများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မြဝတီမြို့ အာဇာနည်ပန်းခြံ၌ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများ ပန္နက်တင် တပ်ဆင်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကြေးရုပ်တုအား ပန္နက်တင် တပ်ဆင်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများအား တာဝန်ရှိသူများက ဆက်လက်တပ်ဆင်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မြဝတီမြို့နယ် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး လွှတ်တော်ရန်ပုံငွေ ခွဲဝေချထားပေးမှု၊ သုံးစွဲမှုနှင့် လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မှာကြားခဲ့သည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ