ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ နေပြည်တော် ဇူလိုင် ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် ဇူလိုင် ၁၄

     ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို အစီအစဉ် (၂၀) ခုဖြင့် ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး(၄)ဦးအား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။
    ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ တင်သွင်းပြီး အထက်ပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် (ချင်းပြည်နယ်မဲဆန္ဒယ်အမှတ်-၇)က ဖတ်ကြားတင်ပြပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀-၇-၂၀၁၇ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
    ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော အစိုးရအောင်ဘာလေထီဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က လွှတ်တော်သို့ တင်သွင်းသည်။
    ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၃) က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဖတ်ကြားတင်သွင်းခြင်း၊ ဦးမောင်စိုး (ခ) ဦးစိုးသိန်း (တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၁၀)က ဆွေနွေးခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က သဘောထား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများဆောင်ရွက်သည်။
    နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က တစ်ပိုဒ်ချင်း စီ အလိုက် အတည်ပြုရန် ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
    လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၃)က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
   ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိကဝတ်ကာလဖြစ်သည့် ဒိုဟာပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်) မှ ဆွေးနွေးသည်။
    အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ဦးနေထက်ဝင်း(ဆင်ပေါင်ဝဲမဲဆန္ဒနယ်)၊ ဦးဇာနည်မင်း(ရွှေကူမဲဆန္ဒနယ်)နှင့် ဒေါက်တာအောင်ခင်(ပြင်ဦးလွင်မဲဆန္ဒနယ်) တို့က ဆွေးနွေးသည်။
     အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံ အဖြစ်ဝင်ရောက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဒေါက်တာစံရွှေဝင်း(ရေကြည်မဲဆန္ဒနယ်)၊ ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)၊ ဒေါက်တာခင်စည်သူ(လွိုင်ကော်မဲဆန္ဒနယ်)၊ ဒေါ်မိကွန်ချမ်း(ပေါင်မဲဆန္ဒနယ်)နှင့် ဒေါက်တာအောင်ခင်(ပြင်ဦးလွင်မဲဆန္ဒနယ်) တို့က ဆွေးနွေးသည်။
    အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
    ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး (၁၃)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ