ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် ဇူလိုင် ၁၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် ဇူလိုင် ၁၁

       ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို အစီအစဉ်(၁၉)ခုဖြင့် ကျင်းပသည်။
       ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီးလွှတ်တော်က မှတ်တမ်း တင်ခြင်း ဆောင်ရွက်သည်။
        ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့ စာရင်းကိုင်များပျက်ကွက်မှုအက်ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်း တင်သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိကဝတ်ကာလဖြစ်သည့် ဒိုဟာပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေး ပေးသွင်းရန်ကိစ္စနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီ သဘောတူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန် ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ရှင်းလင်းတင်ပြသည်။
        အထက်ပါကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၇-၂၀၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
         ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်း၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃)က ဖတ်ကြားတင်ပြသည်။
        အဆိုပါ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၇-၂၀၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
        လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်)က ဖတ်ကြားတင်ပြသည်။
အထက်ပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၃-၇-၂၀၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
         ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၃)က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းခြင်း၊ ဦးသန်းစိုး (ခ) သန်းစိုး(ဘောဂဗေဒ)(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၄)က ဆွေးနွေးခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က သဘောထား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆောင်ရွက်သည်။
        အထက်ပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
        လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တရားခံလွှဲပြောင်းရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၃)က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂၀၁၇) အပေါ် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်နှင့် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း တို့က ဆွေးနွေးသည်။
         ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၈/၂၀၁၇)အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
         အဆိုပါ အစီရင်ခံစာ (၈/၂၀၁၇)ကို လွှတ်တော်ကသဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်း(တောင်ငူမဲဆန္ဒနယ်)က အဆို တင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
         ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး (၁၂) ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ