ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီအစည်းအဝေး(၁/၂၀၁၇) ကျင်းပ နေပြည်တော် ဇူလိုင် ၄

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီအစည်းအဝေး(၁/၂၀၁၇) ကျင်းပ   နေပြည်တော် ဇူလိုင် ၄

      ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နေ့လယ် ၁၅၀၀ နာရီတွင် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

      အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ ဦးဆောင်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

     အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖွံ့ဖြိုးရေးလုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများကို စံချိန်စံညွှန်း ကိုက်ညီပြီး စာရင်းစစ်ဆေးခံနိုင်ရန် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒနယ်မြေနှင့် မဲဆန္ဒရှင်များအကျိုးအတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်းပြောကြားပါသည်။

     ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းများတင်ပြဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟိုကော်မတီ၏ ညွှန်ကြားထားသည့်အတိုင်း အချိန်မီနှင့် စနစ်တကျ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်အရ စိစစ်တင်ပြပြီး လက်တွေ့အကောင်အထည်ဖော်မည့်လုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များက မျက်နှာစုံညီ ဆွေးနွေးဆုံးဖြတ်ခြင်းအားဖြင့် မဲဆန္ဒ နယ်မြေနှင့် ပြည်သူများအတွက် အကျိုးရှိသော လုပ်ငန်းများဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် မဲဆန္ဒရှင်များ၏ ယုံကြည်အားကိုးမှုရရှိပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ ရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်သင့်ကြောင်း၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် စည်းကမ်းဆိုသည်မှာ ပါရှိပြီးဖြစ်၍ မိမိတို့ကိုယ်စားလှယ်များအနေဖြင့် စည်းကမ်းနှင့်အညီဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း ပြောကြားပါသည်။

     ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များက လုပ်ငန်းအတွေ့အကြုံများနှင့် ဆက်စပ်ပြီး ဆောင်ရွက်သင့်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

     ဖွံ့ဖြိုးရေးဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေး ရုပ်သိမ်းခဲ့ပါသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ