ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ နေပြည်တော် ဇွန် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ   နေပြည်တော် ဇွန် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အစီအစဉ် (၁၄)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၇-၆-၂၀၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော Y-8-200F လေယာဉ်အမှတ် ၅၈၂၀ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆမှုတွင် သေဆုံးသွားသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများအတွက် ဝမ်းနည်းကြောင်း အဆိုကို ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း က အဆိုတင်သွင်းပြီး မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် က ထောက်ခံဆွေးနွေးသည်။ ယင်းအဆိုအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်နိုင်ရန် သဘောထားမှတ်ချက်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် (၂) မိနစ်ခန့် ငြိမ်သက်စွာ မတ်တပ်ရပ်၍ ဆုတောင်းမေတ္တာပို့သကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်လင်း အား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးဌေးဝင်း အား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတ အဆိုပြုတင်ပြသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ အဖြစ် ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင် နှင့် ဦးခင်မောင်ကြည်တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြသည်။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း တို့ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ၁၃-၆-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတ အဆိုပြုတင်ပြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အဖြစ် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြသည်။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း တို့ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ၁၃-၆-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၆/၂၀၁၇) နှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်နှင့် ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက် တို့က ဆွေးနွေးသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၆/၂၀၁၇)အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်း က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ အစီရင်ခံစာ (၆/၂၀၁၇)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စောသန်းထွဋ် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး သတ္တမနေ့ကို ၁၄-၆-၂၀၁၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀၀၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။




Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ