ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ် ကျင်းပ ဒီဇင်ဘာ ၁၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ် ကျင်းပ ဒီဇင်ဘာ ၁၅
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၁၁)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးမင်းသူ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးလှကျော်တို့အား ခန့်အပ်တာဝန် ပေးအပ်ပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင် နိုင်ငံများအကြား မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးထူထောင်ရေး သဘော တူညီချက်ကို မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။  အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၉-၁၂-၂၀၁၆ ရက်(တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူကုန်ကူးမှု အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်း၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးညီစိန်၊ ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းပန်ဖ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီတို့မှ ဆွေးနွေးကြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့် အတွက် အတည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၁၆,၉၆၉.၂၀၁၃၉ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မင်း တို့က ရှင်းလင်းတင်ပြကြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အဋ္ဌမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး န၀မနေ့ကို ၁၆-၁၂-၂၀၁၆ (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်သည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ