ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး

ဒီဇင်ဘာ ၂၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်  တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့တွင် အစီအစဉ် (၁၁)ခုဖြင့်  ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတစ်ဝှမ်းအာဏာမတည်သော ဥပဒေများအား အာဏာတည်စေရေး ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ အကြား မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၉) မှ ဦးမောင်မောင်လတ်၊ ဝါးခယ်မမဲဆန္ဒနယ် မှ  ဦးဇော်သိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) မှ ဦးကျော်ဆွေ၊ ဖာပွန်မဲဆန္ဒနယ် မှ ဦးစောထွန်းမြအောင်၊ ရေကြည် မဲဆန္ဒနယ် မှ ဒေါက်တာစံရွှေဝင်း၊ တွံတေးမဲဆန္ဒနယ် မှ ဦးမြင့်လွင်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးဟန်ဝင်းသိန်းတို့မှ ဆွေးနွေးသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီး ဌာနအတွက် ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အတွက် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်  အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ အဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၅၆.၈ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ